မင်းတပ်မြို့မှာ စစ်ကောင်စီက အရပ်သားများဖမ်းဆီးမှုပိုလုပ်လာ၊ တစ်လအတွင်း အရပ်သား ၆၀ ဦး ဖမ်းဆီးခံရ

0
253
ပုံစာ - မင်းတပ်မြို့တွင် တစ်လအတွင်း အရပ်သား ၆၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားများကို မတရားစွပ်စွဲ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေပြီး တစ်လအတွင်း အရပ်သားပြည်သူ ၆၀ ဦးကို ဖမ်းဆီးခဲ့ရာမှာ ၅၀ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁၀ ဦးကို ဖမ်းဆီးထားဆဲဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မင်းတပ်မြို့၏ နေရာ ၆ ခုမှ အရပ်သားပြည်သူ ၆၀ ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မြို့ပေါ် ဘဝသစ်အရပ်၊ အရှေ့ပြင်အရပ်နှင့် အနောက်ပြင်အရပ်တို့မှ အရပ်သား ၁၀ ဦးကိုမူ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း CDF – မင်းတပ်က အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်ကြေညာသည်။

မင်းတပ်မြို့ပေါ်တွင် ရေနှင့် မီး ပြတ်တောက်နေသည့်အပြင် စစ်ကောင်စီတပ်က အရပ်သားများကို ပိုမို ခြိမ်းခြောက်လာတာကြောင့် ဒေသခံပြည်သူအများစုသည် မြို့ကိုစွန့်ခွာ၍ လုံခြုံသည့် နေရာများကို ရွေ့ပြောင်းသွားသဖြင့် မြို့မှာ ယခင်ထက် ခြောက်ကပ်လာသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“ရေလည်း မရှိ၊ မီးလည်းမရှိ ကြားထဲမှာ လုံခြုံရေးအရလည်း ခြိမ်းခြောက်ခံရတဲ့အခါမှာ မြို့ကို စွန့်ခွာတဲ့လူတွေက များလာမယ်။ မင်းတပ်မြို့ကတော့ ခြောက်ကပ်လာမယ့် အလားအလာတော့ ရှိပါတယ်။ စစ်ကောင်စီကလည်း ရန်သူကို ရန်သူလို မြင်၊ ပြည်သူကို ပြည်သူလို မြင်ပြီးမှ ဆက်ဆံဖို့ကတော့ ကောင်းမယ်။ သူတို့လည်း သူတို့ ယူဆမှုနဲ့ သွားကြတယ်ဆိုတော့ ပြည်သူတွေကတော့ တော်တော်လေး ရေရှည်ဆက်ပြီး မြို့ပေါ်မှာ နေထိုင်ဖို့ကတော့ ခက်ခဲလာမယ်လို့ ယူဆပါတယ်။ ခက်ခဲလာတဲ့အခါမှာ မြို့ပေါ်မှာ ပြည်သူမရှိရင်တော့ လက်နက်ကိုင်နှစ်ဖွဲ့ပဲ နေကြပြီးမှ ကစားကြတော့မယ်လို့ ယူဆပါတယ်” ဟု အဆိုပါမင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့ခံ ပြည်သူများသည် တခြားဒေသတွင် စစ်ဘေးရှောင်နေသူများ ရှိသကဲ့သို့ တချို့က တောထောင်ထဲမှာ နေထိုင်ကြသည်။ တချို့မှာ ဘာပဲဖြစ်ဖြစ်ဟု ခံယူ၍ မြို့ပေါ်မှာ နေထိုင်သူများရှိသကဲ့သို့ တချို့မှာ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများမှာ မှီခိုနေသူများလည်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် CDF – မင်းတပ်တို့ ပြီးခဲ့သည့် စက်တင်ဘာတစ်လအတွင်း မြို့တွင်း တိုက်ပွဲ ၄ နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ၄ ဦး သေဆုံး၍ ၉ ဦး ဒဏ်ရာများ ရရှိခဲ့သည်၊ CDF – မင်းတပ်က ရဲဘော် ၁ ဦး ကျဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နယ်တွင် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တိုက်နယ် ၂ ဘက်သို့ ရမ်းသမ်းပစ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here