မင်းတပ်မြို့ စစ်ကောင်စီကင်းစင်ပြီဖြစ် စစ်ဆင်ရေးကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့

0
109

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့က စစ်ကောင်စီ၏နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်း အမှတ် – ၂၇၄ ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်သည် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခုဖြစ်လာပြီဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ကြပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ ကို အပြီးတိုင် တိုက်ခိုက်သိမ်းယူခဲ့ကြသည်ဟု သိရသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းချထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာ ကယ်ထုတ်ပေးနိုင်ခဲ့သည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော Yaw Defense Force (YDF)၊ Yaw Army (YA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း (၃) တို့မှ ဟန်ချက်ညီညီ ဆင်နွဲခဲ့ကြပြီး မဆုတ်မနစ်သော စိတ်ဓာတ်တို့ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ကြသောကြောင့် မင်းတပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၇၄ ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းညီနောင်ကဆိုသည်။

မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော် AA ၏ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကြံညဏ်များနှင့် လိုအပ်သော အကူအညီများကို ပံ့ပိုးခဲ့မှုကြောင့် မင်းတပ်မြို့နယ်တစ်ခုလုံးအား အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်သည်လည်း စစ်ကောင်စီကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာခဲ့ပြီဟု ချင်းညီနောင်က ပြောဆိုသည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့သည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အသက်ပေးသွားကြသော အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အဂ်ါ ပေးဆပ်ခဲ့ကြသည့် ရဲဘော်များ၊ အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည် ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစားဂုဏ်ယူကြောင်း ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here