ချင်းညီနောင် (Chin Brotherhood) က စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ရှိ စစ်ကောင်စီအထိုင်ချစခန်း ၁၂ ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲအင်အား ၁၇၀ နီးပါးနှင့်အတူ ၎င်းတို့မိသားစုဝင်များပါ လက်နက်ချ အညံ့ခံမှုများရှိသည်ဟု ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။
“လက်နက်ချအညံ့ခံတဲ့ စစ်သုံ့ပန်းတွေအကုန်လုံးကို ကျနော်တို့ လုံခြုံတဲ့တနေရာကို ခေါ်ဆောင်သွားပါတယ်။ တိုက်ပွဲနဲ့ ကင်းဝေးတဲ့နေရာကို ခေါ်ဆောင်သွားပါတယ်။ ပြီးမှ လုံလုံခြုံခြုံ ထားရှိပါတယ်” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတပ် (မင်းတပ်) မြလေးပွင့်စေတီကုန်း၊ ၄ မိုင်းကုန်း စသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စခန်း ၇ ခုကို ချင်းညီနောင်တပ်ဖွဲ့က ထိန်းပိုက်ထားပြီးဟု သိရသည်။
ကျန်ရှိနေသော မင်းတပ်ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝန်းနှင့် ခလရ – ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက် ရှိသည်ဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်က မင်းတပ်၊ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးနှင့်စပ်လျဉ်း၍ တလကျော်ကြာ တိုက်ပွဲအပြီး ထုတ်ပြန်ချက်တွင် ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏မိသားစုဝင်များပါ လက်နက်ချ အညံ့ခံသောကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ရမိထားကြောင်း သိရသည်။
“အောင်မြင်မှုတွေရရှိဖို့က ကျနော်တို့ လနဲ့ချီ ကောင်းကောင်း ပြင်ဆင်လာရတာပေါ့နော်။ မြို့ပတ်ပတ်လည် ဝိုင်းထားရတယ်။ စစ်ကြောင်းလျှောက်တာတွေ၊ ထောက်လှမ်းတာတွေ၊ ဝင်ထွက်သွားလာတာကို အချိန်ယူ ပြင်ခဲ့တယ်။ တကယ်တိုက်ပွဲဖြစ်တော့လည်း သတ္တိ၊ ဗျတ္တိနဲ့ပေါ့နော် စစ်ကိုစစ်နဲ့တူအောင် တိုက်ခဲ့ရတယ်” ဟု ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်း စသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေရာယူထားသည့် စခန်း ၅ ခုကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။
စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် ၄၅ ဦးသည်လည်း လက်နက်ခဲယမ်းများနှင့်အတူ စစ်ဆင်ရေးဖော်ဆောင်ပြီး တပတ်ခန့်အကြာ နိုဝင်ဘာလ ၁၂ ရက်က လက်နက်ချ အညံ့ခံခဲ့သည်ဟု သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီသည် Cluster ဗုံးများ၊ (ဗုံးသီး အများအပြားပါဝင်သော ထပ်ဆင့်ပေါက်ကွဲ စေသောဗုံး)၊ မီးလောင်ဗုံးများ၊ ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံးအမျိုးမျိုးဖြင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်များစွာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက် နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။
ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် မဟာမိတ်အင်အားစုများနှင့်အတူ အကြမ်းဖက်အာဏာရှင်ကို ဆက်လက် တိုက်ထုတ်သွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။
ချင်းညီနောင်စစ်ဆင်ရေးအမည်ဖြင့် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်အင်အားစုများသည် နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မြို့သိမ်းစစ်ဆင်ရေးများကို မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် ဖော်ဆောင်နေခြင်း ဖြစ်သည်။
ချင်းညီနောင်စစ်ဆင်ရေးတွင် အာရက္ခတပ်တော် ULA/ AA ၊ စစ်ကိုင်းမှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) အဖွဲ့များ၊ မကွေးတိုင်းနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့ကို PDF – Zoland၊ CDF – မင်းတပ်၊ မရာလန်းကာကွယ်ရေးတပ်ဖွဲ့ – MDF၊ CDF – ကန်ပက်လက်၊ CDF – မတူပီ၊ တပ်မဟာ – ၁ တို့ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
KMG ပေးပို့သည်။