10 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းမကွေးတွင် အင်ဂျင်တပ်လေထီး Paramotor များနှင့် ဗုံးကြဲမှု စစ်ကောင်စီ ပိုပြုလုပ်လာ

မကွေးတွင် အင်ဂျင်တပ်လေထီး Paramotor များနှင့် ဗုံးကြဲမှု စစ်ကောင်စီ ပိုပြုလုပ်လာ

မကွေးတိုင်းတွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးဖြစ်သည့် Paramotor များကို တွင်တွင်ကျယ်ကျယ် အသုံးပြု၍ ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်လာကြောင်း ဒေသခံများက ပြောဆိုသည်။

လူစီးနင်းလိုက်ပါနိုင်သော အင်ဂျင်တပ်လေထီးParamotor များကို ပြည်သူများနေထိုင်ရာနှင့် တိုက်ပွဲ ဖြစ်ရာနေရာများတွင် စစ်ကောင်စီဘက်က ပိုမိုအသုံးပြုလာနေသည်ဟု ဒေသခံတို့က ဆိုသည်။

ဒေသခံတစ်ဦးက “ည (ဖေဖော်ဝါရီ ၁ ရက်နေ့) က Paramotor နဲ့ မီးလောင်ဗုံး ၃ လုံး နေအိမ်တွေကို ချသွားတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ဒီနေ့လည်း သုံးနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် ပွင့်ဖြူမြို့နယ် ရေရင်ရွာရှိ လူနေအိမ်များပေါ်ကို Paramotor ဖြင့် သုံးကြိမ် ဗုံးကြဲချတိုက်ခိုက်သွားသည်ဟု ရွာသားများက ပြောသည်။

ယင်းနေ့တစ်ရက်တည်းမှာပင် ဆိပ်ဖြူမြောက်ဘက်ပိုင်းတနေရာကိုလည်း Paramotor များ အသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်မှုများ ပြုလုပ်သွားသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်မှစတင်ကာ ကောင်းကင်တွင် Paramotor များကို မကွေးနှင့် မင်းဘူးမြို့မှ ပြည်သူများကပင် မြင်တွေ့နေရကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီက မြေပြန့်ဒေသတွင်သာ Paramotor များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်းဖြစ်ပြီး ပွိုင့် ၅ ဖြင့် ပစ်ချပါက ရနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ထင်မြင်ချက်ပေး ပြောဆိုသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်အထိ Paramotor များကို မကွေးလေတပ်ကနေ အနောက်မြောက်အရပ်ဆီ စေလွှတ်ပျံသန်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။