မကွေးတွင် စစ်မှုထမ်းမဲပေါက်သူများက စစ်ပြေးများကို ငွေပေးငှားရမ်းနေကြ

0
170
Photo - Social Media

မကွေးတိုင်းအတွင်းက စစ်မှုထမ်းဆောင်ရန်အတွက် မဲပေါက်သူများသည် စစ်ပြေးများကို ငွေပေးပြီး ငှားရမ်းနေကြကြောင်း ဒေသခံများက ပြောဆိုသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့များ၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာသည့် စစ်ပြေးများကို ငွေပေးပြီး အစားထိုးစစ်မှုထမ်းရန် မဲပေါက်သူများက လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ပြေးများကို အခကြေးငွေပေး၍ ငှားရမ်းပြီး လစဉ်ထောက်ပံ့ ပေးရမည်ဖြစ်ပြီး ၎င်းတို့တွေက မဲပေါက်သူနေရာ၌ အစားထိုးဝင်ပြီး စစ်မှုထမ်းပေးရန် သဘောတူညီမှု ယူနေကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပြသည်။

“ရွာထဲမှာ မဲနှိုက်ကြတော့ မဲပေါက်သူတွေက မသွားချင်တော့ အစားထိုးဖို့ လူရှာတဲ့အခါ စစ်ပြေးတွေကိုပဲ ပြန်ငှားတယ်။ အဲဒီစစ်ပြေးလာတဲ့သူက ရှမ်းပြည်ကနေ ပြေးလာတာ” ဟု ၎င်းက ပြောပါသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မကွေးမြို့နယ်အတွင်း အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဝက်သိုက်ကျေးရွာနေ စစ်ပြေးတစ်ဦးကို ဒေသခံများက တစ်အိမ်ကို ကျပ်ငွေ ၇၅၀၀၀ ထောက်ပံ့ကြေးပေးပြီး စစ်မှုထမ်းရန် ငှားရမ်းခဲ့သည်ဟု ၎င်းက ဆက်ပြောပြသည်။

မတ်လ အစောပိုင်းကစပြီး မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်များက စစ်မှုထမ်းရန်အတွက် ဟောပြောစည်းရုံးတာ၊ နေအိမ်များကို လိုက်လံခေါ်ယူမှုအပြင် မဲနှိုက်တာများကိုပါ လုပ်ဆောင်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စစ်မှုထမ်းရန် လိုက်လံစည်းရုံးသူများနှင့် ကြိုးပမ်းအားထုတ်သူများကို ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်သည်ဟု သတိပေးပြောဆိုထားကြောင်းလည်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here