ဘုတ်ပြင်းတွင် မိသားစု ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

0
312
ပုံစာ - ဘုတ်ပြင်းတွင် မိသားစု ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသည်။ (Photo-CJ)

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ထောင်မွန်ကျေးရွာနေ မိသားစု ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ဖခင်နှင့် မိခင်ဖြစ်သူ သေဆုံးပြီး သားဖြစ်သူ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း တိုင်း (ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ) တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့ ည ၉ နာရီ အချိန်လောက်တွင် အသက် ၆၈ နှစ် အရွယ် ဦးခင်မောင်လွင်တို့ မိသားစု နေထိုင်သည့် ဥယျာဉ်ခြံထဲရှိ နေအိမ်ထဲတွင်ရှိနေချိန် သေနတ်သမား ၂ ဦး ဝင်ရောက်လာပြီး သေနတ်နှင့် ပစ်သတ်သွားခဲ့သည်ကို သိရှိရကြောင်း ၎င်းက ပြောသည်။

ယင်းသို့ မိသားစု ၃ ဦး သေနတ်နှင့် ပစ်သတ်ခံရမှုသည် ပုဂ္ဂိုလ်ရေးကိစ္စကြောင့်ဖြစ်ကြောင်း ကြားသိရသော်လည်း ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

သေနတ်နှင့် ပစ်ခတ်ခံရတာကြောင့် ဦးခင်မောင်လွင် ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဇနီး ဖြစ်သူ အသက် ၆၀ အရွယ် ဒေါ်မြင့်ခိုင်မှာ ညာဘက်ညှပ်ရိုးနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိပြီး နေရာမှာပဲ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

အသက် ၂၄ နှစ် အရွယ် သားဖြစ်သူ ကိုကျော်ကျော်လွင်မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ဘုတ်ပြင်း မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ရှမ်းကိုးရွာ သွားလမ်းဘေး ရွာဟေ့လူ ကျေးရွာအနီး လူကုန်ကူးမှုနှင့် ဆက်စပ်နေသည်ဆိုသည့် အမျိုးသား ၈ ဦး သတ်ဖြတ်ခံခဲ့ရမှုသည်လည်း ယနေ့အချိန်အထိ လက်သည်မပေါ်ဘဲ ဖြစ်နေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here