ဘုတ်ပြင်းတွင် ကျပ်သိန်းထောင်ချီတန်ဖိုးရှိသည့် လုပ်ငန်းရှင်တစ်ဦး၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရ

0
271

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာတွင် ကျပ်သိန်းထောင်ချီတန်ဖိုးရှိသည့် လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်အဆောက်အဦးနှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီဘက်က လာရောက်ချိပ်ပိတ်သွားကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး၊ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၅ ရက်နေ့တွင် ဒေသခံလုပ်ငန်းရှင် ဦးအောင်ဇော်ဦးပိုင်ဆိုင်သည့် ဆီဆိုင်၊ နေအိမ်၊ ဈေးဆိုင်နှင့် မြေကွက်တွေကို လာရောက်ချိပ်ပိတ်သွားခြင်းဖြစ်ပါသည်။

ဒေသခံလုပ်ငန်းရှင် ဦးအောင်ဇော်ဦး၏ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ပြီးနောက် စစ်ကောင်စီက နေအိမ်မှာ နေထိုင်နေသော မိသားစုဝင်တွေကိုလည်း နေအိမ်ကနေ အမြန်ဆုံးဖယ်ရှားကြရန် ပြောဆိုခဲ့ကြောင်း သိရပါသည်။

စစ်ကောင်စီက လုပ်ငန်းရှင်ဦးအောင်ဇော်ဦးဟာ PDF တွေကို ငွေကြေးထောက်ပံ့နေသည်ဟူသော စွပ်စွဲချက်နှင့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှာ လာရောက်ဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နှင့် အမှုဖွင့်ပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့တာဖြစ်သည်။

လက်ရှိမှာတော့ လုပ်ငန်းရှင် ဦးအောင်ဇော်ဦးကို ဘုတ်ပြင်းရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထားပြီး အမှုတွဲတွေထပ်တိုးဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

ဒေသခံတွေအဆိုအရ ဦးအောင်ဇော်ဦးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအတွက် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းတွေကိုသာ ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းသည့် ယခုနှစ် မတ်လကုန်အထိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနှင့် အရပ်သားပြည်သူတွေ၏ နေအိမ်၊ အဆောက်အဦးနှင့် အကြီးစားပစ္စည်းအစရှိသော ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး ၈၀၀ နီးပါး ချိပ်ပိတ်ခံထားရကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here