စစ်ကိုင်းတိုင်း၊ တော်လှန်ရေးနယ်မြေဒေသအတွင်း ပုလဲနယ် ဗိုလ်နဂါးအဖြစ် လူသိများသော မြန်မာ့တော်ဝင် နဂါးတပ်တော် MDRA ခေါင်းဆောင်ကို ၎င်း၏တပ်မှ ခွဲထွက်သွားသည့် တပ်ရင်းမှူးတစ်ဦးက မြို့နယ် ပကဖတချို့နှင့် ပူးပေါင်းပြီး ပုန်ကန်ဖမ်းဆီးရန် ကြံစည်ခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။
နေရာ ပြဿနာကြောင့် ခွဲထွက်သွားသည့် ၎င်း၏တပ်ရင်းမှူးတစ်ဦးက ထိုသို့ ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်နဂါးက သြဂုတ်လ ၂၂ ရက်နေ့တွင် ၎င်း၏ ဆိုရှယ်မီဒီယာမှတဆင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ပကဖ အနည်းစုနဲ့ ပေါင်းပြီးတော့ ကျွန်တော်ကို ဖမ်းဆီးဖို့ ကြံစည်နေကြတာရှိတယ်။ အဲ့ဒီမှာ ရဲဘော် တစ်ယောက်က ပြောလာတဲ့အခါကျတော့မှ ၊ သူနဲ့တောင်မှ ဆက်စပ်မှု ကင်းမယ့်ပုံစံ မပေါ်ဘူး။ ဗိုလ်နဂါးကို သူတို့ လက်နက်တွေ သိမ်းမယ်ပေါနော်၊ ဘာမှ စိုးရိမ်စရာမလိုဘူး၊ သူစီးနေတဲ့ ယာဉ်ယန္တယားတွေ လက်နက်တွေအကုန် ကဲ့ထုတ်ထားပြီပေါ့။ ပြီးရင် ဖမ်းမယ်ဆီးမယ် ဘာမှ ကြောက်စရာမလိုဘူးဆိုတာ ရဲဘော်တွေကို သူပြောပြီး စည်းရုံးလိုက်တယ်Ó ဟု ဗိုလ်နဂါးက ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းမှ “အဲ့လိုစည်းရုံးလိုက်တဲ့အခါကျမှ ပြဿနာက သူ့ဘက်မှာ စ ဖြစ်တယ်။ ရဲဘော်တွေက အဲလိုလားဆိုတော့ ဆရာ့ကို အဲ့လိုလုပ်မယ်ဆိုတော့ လုံးဝကို သူ့ရဲ့စည်းရုံးမှုအောက်ကနေ ခွဲထွက်သွားတယ်။ သူ့ရဲ့အစီအစဉ်တွေလည်း ပျက်သွားတယ်၊ သူရဲ့အကြံအစည်တွေလည်း ပေါ်သွားတယ်ပေါ့နော။ ကျွန်တော့်ကို ဖမ်းဖို့ဆီးဖို့ကိစ္စ အောက်ခြေလူတွေနဲ့ လုပ်တဲ့ကိစ္စ အားလုံးက ပေါ်သွားတယ်Ó ဟု ပြောသည်။
ယင်းကဲ့သို့ အဖွဲ့အစည်းကနေ ခွဲထွက်သွားသည့် ဖြစ်စဉ်မျိုး တော်လှန်ရေး ကာလတလျောက် ရှေ့ပိုင်းတွင် ဖြစ်ခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သော်လည်း ယခုဖြစ်စဉ်သည် အဆိုးဆုံးဖြစ်သည်ဟု ဗိုလ်နဂါးက ဆက်ပြောသည်။
အဆိုပါ ခွဲထွက်သွားသည့် တပ်ရင်းမှူးက မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတချို့နှင့် ညှိနှိုင်းပြီး MDRA တပ်ဖွဲ့ပိုင် လက်နက်များကို ခိုးထုတ်သွားခဲ့သေးကြောင်းနှင့် ယခုအခါ အဆိုပါလက်နက်အားလုံး ပြန်လည်ရရှိပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
MDRA သည် နွေဦးတော်လှန်ရေး စတင်ကတည်းက ပုလဲနယ်တွင် ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထူထောင်ခဲ့သော တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၂ ခုနှစ် အတွင်း NUG လက်အောက်သို့ တပ်ရင်း ၄ ရင်း ထည့်သွင်း ပေးခဲ့ရာမှ ယခုအခါ အဆိုပါတပ်ရင်းများအား ပြန်လည်လွဲအပ်၍ MDRA အနေဖြင့် ရပ်တည်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းလည်း ဗိုလ်နဂါးက ပြောသည်။
ယင်းသို့ ပြန်လည်လွဲအပ်ခြင်းမှာ ကွဲပြားလို၍ မဟုတ်ဘဲ COC အရှုပ်အရှင်း မရှိစေရန်အတွက် ဖြစ်ကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်နဂါး၏ ပြောဆိုမှုအရ သိရသည်။
“ကျွန်တော်တို့ မူလသွားမယ့် ဒီကာကွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးထားတဲ့ သမ္မတကြီးနဲ့ ဆွေးနွေးထားတဲ့ ကျွန်တော်တို့ တော်လှန်ရေး တပ်တစ်ခုကလည်း ပုံမှန်ပဲ ဆက်သွားမယ် ၊ အဲ့ဒီအစီအစဉ်ကို ပြန်ပြီးအားဖြည့်တဲ့ အနေနဲ့ သူ့ကိုပေးထားတဲ့ ကျွန်တော်တို့ရင်းတွေကို ပြန်အပ်ပေးမယ်၊ အဲ့ဒီမှာ သူတို့တပ်ပေးထားတဲ့ လက်နက် တစ်ရာကိုပါ ပြန်မတောင်းဘူးဆိုပြီးတော့ ခုနက ပြောသွားတဲ့ တာဝန်ရှိသူကတောင် ပြောသွားတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ အချိန်တွင် ပုလဲမြို့နယ်တွင် သာမက အခြားသော မြို့နယ်များတွင်လည်း MDRA အဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း ဗိုလ်နဂါး၏ ပြောဆိုမှုအရ သိရသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။