ဗန်းမော်ဘက် ဆန်တက်လာသည့် စစ်ကောင်စီတပ် သံခွန်ရေယာဉ်ပစ်ခတ်ခံရ

0
250
ပုံစာ - မြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီတပ်သံခွန်ရေယာဉ် ကာကွယ်ရေးတပ်ဖွဲ့ကပစ်ခတ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို မြစ်ကြောင်းအတိုင်း သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

အင်အား ၃၀၀ နီးပါး ပါတဲ့စစ်ကြောင်းဟာ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်ယာဉ် ၃ စီးနဲ့ ဆန်တက်သွားစဉ် ကာကွယ်ရေးတပ်ဖွဲ့တွေက ရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာနားမှာ တကြိမ်၊ ဇင်းဘုံကျေးရွာနားမှာ တကြိမ် ၂ ကြိမ် တိတိ တိုက်ခိုက်ခဲ့ရတာလို့ ဒေသသတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်‌ကြောင်းသည် ဘိုကုန်းနှင့် ချောင်းဝ ကျေးရွာများကို မီးရှို့ခဲ့ပြီး ပြန်လာသည့် စစ်ကြောင်း ဖြစ်ကြောင်းနှင် စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဇင်းဘုံကျေးရွာက အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက အခုလို ပြောသည်။

“ငပေါက်ဝ အထက်နားလေးမှာ ဖြစ်သွားတာ မနက်က အဲ့မှာပြည်သူနှစ်ယောက်တော့ ထိသွားတယ်။ ငပေါက်ဝမှာက ခနလေး ဖြစ်သွားတာ သူတို့မြစ်ကြောင်းထဲမှာ အပေါ်ကနေ ဒရုန်းနဲ့ချတာ ကာကွယ်ရေး တပ်တွေကလေ၊ ၁၁ နာရီ လောက်မှာ ဖြစ်သွားတာ သူတို့ငပေါက်ဝ ဘုရားကုန်းမှာလည်း တချို့ရှိနေတာ စစ်သားတွေ အဲ့ကနေ လှမ်းပစ်တာ ပြည်သူ ၂ ယောက် ထိထားတယ်” လို့ ၎င်းက ပြောသည်။

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အရပ်သား ၂ ဦး သည် ငပေါက်ဝကျေးရွာကဖြစ်ပြီး အသက် ၃၃ နှစ် အမျိုးသားတစ်ဦးနှင့် အသက် ၁၈ နှစ် အမျိုးသမီးတစ်ဦး တို့ဖြစ်တယ်လို့ သိရသည်။

ငပေါက်ဝကျေးရွာတွင် တိုက်ခိုက်ခံရပေမယ့် ဆက်တက်လာသည့် အဲ့ဒီစစ်ကြောင်းကို ဇင်းဘုံကျေးရွာအနီးတွင် ကာကွယ်ရေးတပ်တွေက နောက်ထပ်တစ်ကြိမ် ခြုံခိုတိုက်ခဲ့ရာတွင် တိုက်ပွဲအနည်းငယ် ပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောသည်။

“စစ်သားတွေက သံခွန်မော်တော်တွေနဲ့ တက်လာတာ သုံးစီးတက်လာတာ အခုကဇင်းဘုံမှာ ဖြစ်နေတယ်၊ ရေကြောင်းမှာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ဇင်းဘုံကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသည် အချိန် မိနစ် ၃၀ နီးပါးကြာ ရှိပြီး ကာကွယ်ရေးဘက်က ဒရုန်း၊ လက်နက်ငယ်တွေ အသုံးပြု တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရသည်။ ထိုသို့ ထိတွေတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အသေးစိတ် မသိရသေးပါ။

စစ်သားများ အသုံးပြုလာသည့် သံခွန်ရေယာဉ် မော်တော် ၃ စီးထဲတွင် ၁ စီးသည် တောပုန်းကျေးရွာ ဘုန်းကြီးကျောင်း ဆရာတော်ပိုင်သည့် သံခွန်ရေမော်တော် ၁ စီး ပါပြီး ဗုဒ္ဓဘာသာဝင်များ၏ သာသနာ့အလံကို တပ်ဆင်အသုံးပြုပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောဆိုသည်။

လက်ရှိတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များအကြား ထိတွေ့မှု ဖြစ်နေတာကြောင့် ငပေါက်ဝ၊ ဇင်းဘုံ၊ တောပုန်း စသည့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါသည်။

ဗန်းမော်ဘက် ဆန်တက်သွားသည့် ယခုစစ်ကြောင်းသည် ဇူလိုင်လ ၃ ရက်နေ့က ရွှေကူအနောက်ဘက်ခြမ်းရှိ သံဘို၊ ချောင်းဝ ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဘိုကုန်းကျေးရွာက လူနေအိမ် ၅ လုံး၊ ချောင်းဝကျေးရွာက လူနေအိမ် ၆ လုံးနှင့် ထင်းကားရွာက ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်းထဲက အဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည့် ခလရ ၇၇ နှင့် ခလရ ၁၀ စစ်ကြောင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

KNG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here