ဗန်းမော်တွင် စက်သုံးဆီဈေးအဆမတန်မြင့်တက်

0
359

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဆက်သွယ်သွားလာရသော ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး- ဗန်းမော်လမ်းကို ပိတ်ထားခြင်းကြောင့် စက်သုံးဆီဈေး အဆမတန် မြင့်တက်နေပြီး ဓာတ်ဆီ ၁ လီတာလျှင် ကျပ် တစ်သောင်း ပေးဝယ်နေရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အပြင်မှာက တစ်လီတာကို တစ်သောင်း၊ ဓာတ်ဆီဆိုင် (ပန့်ဆိုင်) မှာက တန်းစီပြီးတော့ သွားယူမှ ၃,၉၀၀၊ တခြားရပ်ကွက်က ဆိုင်တွေမှာကျတော့ ၉,၀၀၀၊ ၈,၀၀၀ အဲ့လို ရောင်းတာ ရှိတယ်။ စ စပျက်တုန်းကဆိုရင် တစ်သောင်းနဲ့ ဝယ်ထည့်ရတယ်။ အခုနောက်ပိုင်းမှာ ပြန်ကျသွားတာတော့ မဟုတ်ဘူး။ ပန့်ဆိုင်တွေက ဆီ နည်းနည်းပေးခဲ့တာ။ ပန့်ဆိုင်မှာက အရှည်ကြီး တန်းစီရတာ။ သွားမစီနိုင်ဘူး။ အဲ့ဆိုတော့ ဈေးကြီးတဲ့ဟာဘဲ ဝယ်သုံးရတာ” ဟု ပြောသည်။

ဗန်းမော် – မန္တလေး လမ်းအပြင် မန္တလေး – မြစ်ကြီးနား ကားလမ်းကိုလည်း တစ်လကျော်ကြာ ပိတ်ထားခြင်း ကြောင့် ဗန်းမော်မြို့တွင် ဆီနှင့် အခြေခံ စားသောက်ကုန်များ ဈေးတက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

မန္တလေး – မြစ်ကြီးနားလမ်းမှာလည်း တိုက်ပွဲအခြေအနေပေါ်မူတည်၍ ဖွင့်လိုက်ပိတ်လိုက် အနေအထားမျိုး ဖြစ်နေသည်ဟုလည်း ဆိုကြသည်။

ဗန်းမော် ဒေသခံတစ်ဦးက “လမ်းပိတ်ထားလေ လမ်းသွားလို့မရဘူး။ အကုန်ပိတ်ထားတာ ရန်ကုန်လမ်းရော မန္တလေးလမ်းရော မြစ်ကြီးနားလမ်းရော ကားလမ်းတွေ အကုန်ပိတ်ထားတာ။ ဟိုတလောက တခေါက် ပြန်ဖွင့်သေးတယ်လေ။ အဲ့ဒါကြောင့် အခု နည်းနည်းလေးဆီရသွားတာ။ အရင်တုန်းက ဆီပန့်ဆိုင်တွေက လုံးဝ ပိတ်ထားတာ။ အခုကကျတော့ တန်းဆီပြီးတော့ရတာ။ ဒါပေမယ့် ပန့်ဆိုင်တိုင်းတော့ မရဘူး။ လေကြောင်းက တော့ ဖွင့်တယ်၊ အခုက ကုန်းလမ်းတွေပိတ်ထားတော့ အရမ်းဒုက္ခရောက်တယ်။ ဈေးတွေကလည်း စျေးတွေ လျှောက်တင်နေတာ။ စားဆီတွေရော တော်တော်များများ ဈေးတက်တယ်” ဟု ပြောသည်။

ဗန်းမော်မြို့တွင် အင်တာနက်လိုင်းနှင့် MPT၊ Ooredoo ဖုန်းလိုင်းများလည်း ပျက်နေသည်မှာ ၁ လနီးပါး ရှိလာပြီ ဖြစ်ပြီး Atom၊ Mytel ဖုန်းလိုင်းများသာ ရနေသည်ဟု ဆိုသည်။ ထို့အပြင် အင်တာနက် wifi လိုင်းများလည်း ပျက်နေသေးသည်ဟု ဗန်းမော်ဒေသခံအမျိုးသမီးက ယခုကဲ့သို့ ဆက်ပြောသည်။

“အခုတော့ ဖုန်းပြောလို့တော့ ရပြီ။ အရင်ကဆို ဖုန်းပြောလို့တောင် မရဘူး။ ဒါပေမယ့် MPT ကတော့ လုံးဝ လိုင်းပျက်သွားပြီး။ ဒီတိုင်းဖုန်းပြောလို့ပဲ ရတယ်။ ဘာမှ သုံးလို့မရဘူး။ ဖျက်ထားတာ အတော်ကြာပြီ။ ATOM ပဲ နည်းနည်းကောင်းတယ်။ Ooredoo ဆို ဖျက်ထားတာ တစ်လတောင် ကျော်ပြီ။ Wifi လည်း တစ်ခုမှသုံးလို့မရဘူး” ဟု ပြောသည်။

ဗန်းမော်မြို့နှင့် ဆက်သွယ်ထားသည့် ကားလမ်းများအား ပိတ်ထားသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်ပြီး ထိုလမ်းများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

KIA နှင့် PDF ပူးပေါင်းအဖွဲ့များ အဆိုပါလမ်းများတွင် တိုက်ပွဲပြင်းထန်နေ၍ ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here