ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့နယ်ကြားတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်မျက်နှာပြင်ဖွင့် တိုက်ပွဲဖော်ဆောင်နေပြီး တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA ရှေ့တန်း သတင်းအရင်းမြစ်တို့ထံက သိရသည်။
မံစီမြို့နယ်ထဲက စစ်ကောင်စီတပ်၏ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၅၂၃ ၊ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ ကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ်ဖား၊ ဗန်းမော်တက္ကသိုလ်ဝင်း နေရာတို့ကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။
“တိုက်ပွဲက ဒီကနေ့ (ဒီဇင်ဘာလ ၄ ရက်) မနက်ပိုင်း ၅ နာရီလောက်ကနေ စတင်ဖြစ်လာတာ။ မိုးမောက်၊ မံစီဘက်မှာတင် မဟုတ်တော့ဘူး။ တိုက်ပွဲက ဗန်းမော်မြို့နဲ့ အနီးမှာပဲ ဖြစ်နေပြီ။ မိုးမောက်ဘက်ကတော့ ၃ မိုင်လောက်မှာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
KIA တပ်က ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်တွင် ဗန်းမော်- မံစီသွားလမ်း ညောင်ပင်သာ ကာကင်းစခန်း၊ ခလရ ၄၇ တပ်ရင်းဌာနချုပ် ကာကင်းစခန်း ၂ ခုနှင့် ဗန်းမော်တက္ကသိုလ်ဝင်းတွင် တပ်ချထားသည့် စစ်ကောင်စီတပ်စခန်းနေရာတို့ကို သိမ်းပိုက်ရှင်းလင်းလိုက်ပြီဟု အဆိုပါ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
အလားတူ ဗန်းမော်မြို့အနီးနှင့် မိုးမောက်သွားလမ်း ၃ မိုင်နေရာ၌လည်း တိုက်ပွဲဆက်ပြင်းထန်နေသည့်အပြင် KIA ပူးပေါင်းတပ်က ဗန်းမော်၊ မံစီနှင့် မိုးမောက်လမ်းဘက်ကိုလည်း ထိုးစစ်ဆင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ဗန်းမော် – မံစီတကြော တိုက်ပွဲပြင်းထန်နေမှုနှင့် ပတ်သက်ပြီး KIO သတင်းနှင် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဒီမနက် မိုးလင်းလာကည်းကနေ ဗန်းမော်နဲ့ မံစီတကြော ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန် နေပါတယ်။ အခုချိန်အထိ တပ်စခန်း သိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် မသိရသေးဘူး။ နေရာအားလုံးမှာ တိုက်ပွဲဖြစ်နေတာ အဲ့လောက်ပဲ သိရပါသေးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုင်တည် နယ်စပ်မြို့ အားလုံးကို သိမ်းပိုက်လိုက်နိုင်ပြီးနောက် ကချင်ပြည်နယ်ထဲ ၂ ပတ်ခန့် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။
KIA တပ်က ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်မျက်နှာ ၃ ခုဖွင့်၍ ဗန်းမော်နှင့် မံစီ တကြောက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို တပြိုင်နက် တိုက်ပွဲထပ်မံ ဖော်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
လက်ရှိ KIA က ထပ်မံဖော်ဆောင်လိုက်သည့် တိုက်ပွဲများသည် ဗန်းမော်မြို့နှင့် မံစီမြို့ နှစ်ခုစလုံးကို သိမ်းပိုက်ရန် စတင်လိုက်သည့် တိုက်ပွဲများဖြစ်သည်ဟုလည်း စစ်ရေးသုံးသပ်သူတို့က ပြောဆိုနေကြသည်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင် ဆိုပြီး ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်ရှိပြီး လူဦးရေ တစ်သန်းကျော်နေထိုင်လျက်ရှိပြီး၊ ယင်းတို့ထဲက ဗန်းမော်ခရိုင်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိပြီး စစ်ရေးအရ ရေလမ်းကြောင်းအချက်အချာကျသ့ည် ခရိုင်လည်းဖြစ်သည်။
KNG ပေးပို့သည်။