ဗန်းမောက်၊ စက်တောကျေးရွာမှ CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွား

0
384
ပုံစာ - စက်တောကျေးရွာဘုန်းတော်ကြီးကျောင်း။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် စက်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် NUG ပညာရေး ကျောင်း ဦးဆောင်ဖွင့်လှစ်နေသည့် CDM ကျောင်းဆရာမဒေါ်ဟန်သူမြင့်ကို ဇန်နဝါရီလ ၂၀ ရက် နေ့တွင် စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ဗန်းမောက်မြို့ခံတစ်ဦးက “NUG ကျောင်းကို သူ စက်တောမှာ ဦးဆောင်ပြီးတော့မှ ဖွင့်တာလေ။ အခု နောက်ရောက်တဲ့ ထပ်တိုးတွေက စစ်ကြောင်းထိုးတာပေါ့လေ စက်တောကို။ အဲ့ဒါနဲ့ ဟန်သူမြင့်ကို သတင်းရလို့ အဲ့လိုလိုက်တဲ့အခါကြတော့ သူ့ကိုက မိသွားတာတဲ့” ဟု ပြောသည်။

ဒေါ်ဟန်သူမြင့်သည် စစ်ကောင်စီအာဏာသိမ်းမှုကြောင့် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ဒေါ်ဟန်သူမြင့် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော တော်လှန်ရေးအင်အားစုများပါ အခုချိန်ထိ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဒေါ်ဟန်သူမြင့် အဖမ်းခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက “သူက NUG မှာ ခရိုင်အဆင့် တာဝန်ယူထားတယ်လို့လည်း သိရတယ်။ အကုန် သူ့ကို အကြောင်းကြားရတာလို့ သူ့အကြောင်းသိတဲ့လူတွေက ပြောကြတယ်” ဟု ပြောဆိုသည်။

စက်တောကျေးရွာ ကျောင်းထိုင်ဆရာတော်ကြီးမှာ အသက်အရွယ်ကြီးနေပြီဖြစ်ပြီး ကျန်းမာရေး မပြည့်စုံ တော့သဖြင့် အဆိုပါကိစ္စများကို သိရှိမည်မဟုတ်ကြောင်းလည်း ဆရာတော်ကြီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောဆိုသည်။

ဒေါ်ဟန်သူမြင့်သည် ပညာရေး မပြီးဆုံးသေးသည့် ကျောင်းသားလူငယ်များကို လိုင်ဇာဘက်သို့ ကျောင်းဆက် တက်ရန်ဟုဆိုကာ ပို့ဆောင်ပေးမှုများ လုပ်ဆောင်နေပြီး၊ ပို့ပေးပြီးသည့် ကျောင်းသားများနှင့်လည်း ယနေ့အချိန်အထိ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တချို့က ပြောသည်။

“တစ်ယောက်မှလည်း အဆက်အသွယ် မရဘူးတဲ့။ နှစ်ခါဆိုလား သုံးခါဆိုလား ပို့တာ။ အဲ့ဒါဆိုတော့ သူက မိဘတွေကို မပြောရဲ အဲ့လိုဖြစ်တာတဲ့။ မိဘတွေကလည်း မတိုင်ရဲ အဲ့လို ဖြစ်တာပါ့” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

စက်တောကျေးရွာသည် ကတူးတိုင်းရင်းသားများ အများစုနေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ဗန်းမောက်မြို့နှင့် တစ်မိုင်ခွဲခန့်သာ ကွာဝေးသည့် ကျေးရွာတစ်ရွာတစ်ရွာလည်း ဖြစ်ပါသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here