စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA အဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
“မနက် ၅ နာရီလောက်ကတည်းက ဖြစ်နေတာ KIA၊ PDF တွေက SNA စခန်းကို ဝိုင်းပြီးပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပင်ဟင်းခါးကျေးရွာအနီးရှိ SNA စခန်းနှင့် ဟွေသုခီစခန်းတို့ကိုလည်း KIA၊ PDF အဖွဲ့က လာရောက် ပစ်ခတ်မှုများရှိနေကြောင်းလည်း SNA သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ဗန်းမောက်မြို့နယ်နှင့် ဆက်စပ်နေသော ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာရှိ SNA စခန်းအား KIA / HPDF 124 နှင့် ပူးပေါင်းအဖွဲ့များက နိုဝင်ဘာလ ၇ ရက်နေ့တွင် ဝိုင်းပတ်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျေးရွာအား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း SNA သတင်းရင်းမြစ်များက ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့က ဟုမ္မလင်းမြို့နယ် ပရစ်ဖာနိုင်းကျေးရွာရှိ SNA စစ်စခန်းကို PDF ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်ခဲ့ပြီး ယခုအခါ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း နှစ်ဖက်သတင်းရင်းမြစ်များက ဆိုသည်။
အလားတူ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ SNA စခန်းများကိုလည်း နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း က KIA၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ယာယီဆုတ်ပေးခဲ့ရပြီး အဆိုပါနေ့ရက် ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း SNA တာဝန်ရှိသူများက ဆိုသည်။
ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်သည် ရှမ်းနီလူမျိုးအများစု နေထိုင်သောဒေသများ ဖြစ်သည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။