ဗန်းမောက်မြို့တွင် ကာလရှည်ကြာလမ်းပိတ်ထားမှုကြောင့် တော်လှန်ရေးအင်အားစုများကို ဒေသခံများဆန္ဒပြ

0
103
ပုံစာ - ကျွဲကောကြီးနှင့် ခေါင်းကိုက်ကျေးရွာလမ်းဆုံဂိတ်တွင် ဇူလိုင် ၂ ရက်နေ့က ဒေသခံများ ဆန္ဒပြနေစဉ်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ဇူလိုင် ပထမအပတ်အတွင်း ဆန္ဒထုတ်ဖော်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများနှင့် ကုန်သည်များထံမှ သိရသည်။

ဇူလိုင် ၂ ရက်နေ့ မှ ၄ ရက်နေ့ အထိတစ်ကြိမ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တစ်ကြိမ် ရာနှင့်ချီသည့် ဒေသခံများ၊ ဆိုင်ကယ် ကယ်ရီသမားများ၊ ဆီကုန်သည်များက ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ဗန်းမောက်မြို့နယ်တောင်ပိုင်း ပါယကျေးရွာအနီးတွင် NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များကို ဆီကုန်သည်များက ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆီတင်ကားများကို ပါယကျေးရွာနှင့် ကံတော်ကျေးရွားကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့က ပိတ်ပင်တားဆီး ထားခြင်းကြောင့် လမ်းဖွင့်ပေးရန် ဆီကုန်သည်များက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ပါယအကျော်နားမှာ သူတို့ မနေ့က ဆန္ဒပြကြတယ်။ ဒီနေ့လည်း ပြကြဦးမယ်။ ဆီကားသမားတွေကို ပိတ်လို့လေ။ တစ်ရာကျော်တယ်ပြောတာပဲ ဆန္ဒပြတဲ့လူတွေ။ လမ်းတွေဘာတွေ ပိတ်တာကြောင့်မို့လို့ ပြန်ဖွင့်ပေးဖို့” ဟု ဆီကုန်သည်တစ်ဦးက ဆိုသည်။

ဆီတင်ကားများသည် ပါယကျေးရွာအနီး တစ်ကြိမ်အပိတ်ခံရလျှင် သီတင်းပတ် ၃ ပတ် နီးပါး ကြာမြင့်ပြီး ရောင်းဝယ်ရေးအတွက် အပါအဝင် စားသောက်ရေးအတွက်ပါ အခက်အခဲနဲ့ကြုံရကြောင်း ဆီကုန်သည်များက ပြောဆိုသည်။

ဇူလိုင် ၂ ရက်နေ့တွင်လည်း ဗန်းမောက်မြို့ကို ကုန်စည်စီးဆင်းခွင့်ကို လနှင့်ချီအောင် ပိတ်ပင်ထားမှုကြောင့် စားနပ်ရိက္ခာ ခက်ခဲလာသည့်အတွက် ဗန်းမောက်မြို့ နေလူထုများ ၊ ဆိုင်ကယ်ကယ်ရီသမားများက ကျွဲကောကြီး ကျေးရွာနှင့် ခေါင်းကိုက်ကျေးရွာလမ်းဆုံဂိတ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“သူတို့ (KIA,PDF) ဒီဆီကားတွေ ပိတ်တာရယ်ပေါ့ဗျာ။ ပြီးတော့ ဒီစားနပ်ရိက္ခာ သူတို့ (KIA, PDF) လိုအပ်ချက် ပေါ့။ မြို့ထဲမှာကြတော့ ပိတ်ထားတာကြာပြီဆိုတော့ တအားခက်ခဲနေတဲ့ အနေအထားကြတော့ အဲ့လိုပဲ ထွက်လုပ်ကြရင်းနဲ့ မထူးသာတော့ ဆန္ဒပြကြရတာ အဲ့လိုမျိုးပါ” ဟု ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သူ ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့ဆန္ဒထုတ်ဖော်ပွဲတွင် ဆိုင်ကယ်ကယ်ရီ အစီးရေ သုံးရာ ၊ သုံးဘီးအစီး ငါးဆယ်၊ ကားအစီးရေ ၂၀ ဖြင့် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ခံရမှုများနှင့် ပတ်သက်ပြီး PDF ပူးပေါင်းတပ်ဖွဲ့များဘက်က တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ဆန္ဒပြပွဲနှစ်ခုလုံး၏ တောင်းဆိုချက်များဖြစ်သည့် လမ်းပိုင်း ပြန်ဖွင့်ပေးရေးသည် အောင်မြင်မှု မရှိသေးဘဲ ယနေ့တိုင် ထိုလမ်းပိုင်းများကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

အင်းတော် ၊ ဗန်းမောက် ၊ ထီးချိုင့် မြို့နယ်များရှိ NUG ၏ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ အုပ်ချုပ်မှု လုပ်ငန်းစဉ်များ၊ သယံဇာတဆိုင်ရာ စီမံခန့်ခွဲမှုများ၊ စီးပွားရေး လုပ်ငန်းများကြောင့် ဒေသခံများ ဆန္ဒထုတ်ဖော်မှုများ သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here