ဗန်းမောက် ကြောင်လည်ကျေးရွာရှိ စစ်ကောင်စီတပ်ကို PDF အဖွဲ့က ရက်ဆက် ပစ်ခတ်တိုက်ခိုက်

0
369
ပုံစာ - ဗန်းမောက်တွင် စစ်ကောင်စီတပ်ကို PDF အဖွဲ့က ရက်ဆက် ပစ်ခတ်တိုက်ခိုက်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က နှစ်ရက်ဆက်တိုက် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“မနေ့ညနေကတည်းက ပစ်နေတာ ၊ လက်နက်ကြီးသံတွေ တအုန်းအုန်းပဲ ၊ ဒီမနက် တမနက်လုံး ပစ်ပြီး နေ့လည်လောက် နားသွားသေးတယ် ။ အခု ပြန်ပစ်နေကြပြန်ပြီ ” ဟု ကြောင်လည်ကျေးရွာအနီးရှိ ပင်းခါးကျေးရွာသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ ခလရ တပ်ရင်း ၁၀၅ ကို PDF အဖွဲ့က ဇူလိုင် ၁၃ ရက် ညနေပိုင်းမှ ဇူလိုင် ၁၄ ရက် အထိ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အဆိုပါပင်းခါးကျေးရွာသားက ဆက်ပြောဆိုသည်။

ကြောင်လည်ကျေးရွာ ဘုရားကုန်းတွင် စစ်ကောင်စီ ခလရ တပ်ရင်း ၁၀၅ က ယခုနှစ် မတ်လပိုင်းမှ စတင် တပ်စွဲထားခြင်း ဖြစ်ပြီး PDF တပ်ဖွဲ့များ ယင်းတပ်ကို မကြာခဏ လာရောက်ပစ်ခတ်မှု ရှိသော်လည်း ယခုကဲ့သို့ ရက်ဆက်ပစ်ခတ်မှုမျိုး မရှိကြောင်း ဒေသခံများက ဆိုသည်။

“ PDF က ကြောင်လည်ကျေးရွာကို ပြန်သိမ်းမယ်ဆိုပြီး ပြောနေတာမျိုးတော့ ကြားနေရတာ ကြာပြီ” ဟု အဆိုပါ ပင်းခါးကျေးရွာသားက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ မံလောင်ပေပင် ဒေသအတွင်း လှုပ်ရှားနေသော ရှမ်းနီအမျိုးသားများ တပ်မတော် SNA မှ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲဖြစ်နေတာ မှန်ကန်ကြောင်း အတည်ပြုပြောသည်။

“တိုက်ပွဲဖြစ်နေတာ မှန်ပါတယ်ဗျ။ ကျွန်တော်တို့နဲ့လည်း သိပ်မဝေးတော့ ကျွန်တော်တို့လည်း အခြေအနေကို စောင့်ကြည့် နေပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

ကြောင်လည်ကျေးရွာသည် ဗန်းမောက် အနောက်ဘက်ဒေသရှိ ပင်လည်ဘူးမြို့နယ် ၊ ကနန်းဒေသ၊ ဟုမ္မလင်း မြို့နယ်နှင့် ဗန်းမောက်မြို့သို့ ဆက်သွယ်ရာတွင် အရေးပါသော ဒေသတစ်ခု ဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ PDF အဖွဲ့ ထိန်းချုပ် အခြေပြုနေထိုင်ခဲ့သော ကျေးရွာ တစ်ခုလည်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here