စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ MPT အပါအဝင် ဆက်သွယ်ရေးအော်ပရေတာအားလုံး ဖုန်းလိုင်းများကို ထပ်မံဖြတ်တောက်ပါက ယင်းတို့၏ ဆက်သွယ်ရေးအခြေခံ အဆောက်အဦးများနှင့် ရုံးခွဲများအား ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သတိပေးစာထုတ်ပြန်သည်ကို တွေ့ရသည်။
ယင်းသတိပေးစာကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေး သတင်းများကို အစဉ်တစိုက် ထုတ်ပြန်လေ့ရှိသည့် Bamauk Revolution BR Team အင်တာနက်စာမျက်နှာတွင် သြဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အလိုကျ ဆောင်ရွက်ပေးနေပြီး စစ်ကောင်စီ၏ ထောက်တိုင်များအဖြစ် အမြဲတစေ အထောက်အပံ့ ပြုနေခြင်းမှာ မြန်မာပြည်သူပြည်သားများ အပေါ်တွင်လည်းကောင်း တော်လှန်ရေးအပေါ်တွင်လည်းကောင်း မထီမဲ့မြင်ပြု စော်ကားရာ ရောက်ကြောင်းနှင့် ဆက်သွယ်ရေး အော်ပရေတာများ စက္ကန့်နှင့်အမျှ ရရှိနေသော ဝင်ငွေများသည် မိမိတို့ ပြည်သူလူထု၏ အားပေးမှုကြောင့်သာ ရရှိခြင်းဖြစ်သည်ကို သတိချပ်စေလိုသည်ဟု ယင်းသတိပေးချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယခုကဲ့သို့ ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းနှင့် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေခြင်းများအတွက် ဗန်းမောက်မြို့နယ်အတွင်း ဝန်ဆောင်မှုပေးနေသော MPT အပါအဝင် ဆက်သွယ်ရေး အော်ပရေတာများတွင် အဓိကတာဝန်ရှိပြီး ၎င်းတို့အထောက်အပံ့ပြုနေသော စစ်ကောင်စီအနေဖြင့်လည်း ၎င်းတို့၏ အခြေခံ အဆောက်အဦးများ၊ အကျိုးစီးပွားများနှင့် အသက်အိုးအိမ်စည်းစိမ်များကို အကာအကွယ်ပေးနိုင်မည် မဟုတ်ကြောင်းကို အထူးသတိပေးလိုသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်ပါက ဆက်သွယ်ရေးအခြေခံအဆောက်အဦးများနှင့် ရုံးခွဲများအား ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်းနှင့် ဖုန်းလိုင်းဖြတ်တောက်မှုကို အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးရန် လိုကြောင်းလည်း ထပ်မံသတိပေးထားသည်။
ဗန်းမောက်မြို့ခံတစ်ဦးက “ တပ်က ဖြတ်တာတော့ မဟုတ်ဘူး၊ တိုက်ပွဲတွေ ဖြစ်တုန်းက ကြိုးထိထားတာ ပြန်မပြင်ရသေးတာ။ ပြီးတော့ အင်းတော်နားမှာလည်း ကြိုးပြတ်နေတာ ရှိတယ်။ အဲ့ဒါလည်း ပြန်မဆက် ရသေးဘူးလို့ သိရတယ်” ဟု ပြောဆိုသည်။
ထို့အပြင် တာဝါတိုင်များတွင် လျှပ်စစ်ဓာတ်အားပေးသည့်စက်များ လုံခြုံရေးအခြေအနေကြောင့် ဆီမထည့် နိုင်ခြင်း၊ ဆိုလာဘက်ထရီများ ဖြုတ်ခိုးခံရခြင်း စသည့် အခြေအနေများကြောင့်လည်း ဖုန်းလိုင်းမရခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိအချိန်တွင် ဗန်းမောက်မြို့နယ်အတွင်း MPT နှင့် အော်ရီဒူး ဖုန်းလိုင်းနှစ်လိုင်းသာ ဆက်သွယ်လို့ရသည့် အခြေအနေ ရှိနေပြီး အဆိုပါဖုန်းလိုင်းများမှာလည်း မကြာခဏ ပြတ်တောက်ခြင်းနှင့် ကြုံတွေ့နေရသည်ဟုလည်း သိရသည်။
ဗန်းမောက်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုကဲ့သို့ ၂၀၂၁ ခုနှစ် မှ စတင်၍ အင်တာနက် လိုင်းများလည်း ဖြတ်တောက်ခံထားရသဖြင့် တယ်လီဖုန်းလိုင်းများကိုသာ အားထားနေရပြီး နေရာအများစုတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်း ဖြစ်သည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။