ဖားဆောင်းတွင် တိုက်ပွဲနေ့စဉ်ပြင်းထန်ပြီး လက်နက်ကြီးကြောင့် ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ

0
300
ပုံစာ - ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသည့် ကရင်နီတော်လှန်ရေးအင်အားစုများ (ပုံအဟောင်းဖြစ်သည်)

ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့နယ်တွင် ဇွန်လ ၁၄ ရက် က စ၍ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး လမ်းများ ပိတ်ဆို့ထားသည့်အတွက် ဒေသခံများမှာ စစ်ဘေးရှောင်၍မရဘဲ ဘုန်းကြီးကျောင်းများတွင်သာ စုပြီးနေကြရသည်ဟု ဒေသခံများက ပြောဆိုသည်။

ဖားဆောင်း တောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ဇွန်လ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့လို့ ဖားဆောင်းမြို့၊ တောင်ပိုင်း ၁၃၅ ရပ်ကွက်ရှိ သိမ်ကျောင်း ကျောင်းထိုင် ဆရာတော်နှင့် ထိုကျောင်းတွင် စစ်ဘေးရှောင်ခိုလှုံနေသည့် အရပ်သားတစ်ဦး ထိမှန်ခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

သိမ်ကျောင်းအနီးတွင် နေထိုင်သူတစ်ဦးက “တမနက်လုံး တိုက်ပွဲဖြစ်နေလို့ ဘုန်းကြီးကျောင်းမှာ လာစုနေကြတာ။ ညနေပိုင်းလောက်ရောက်တော့ ကျောင်းပေါ်တည့်တည့် ကျတာပေါ့။ ဆရာတော်က မစိုးရိမ်ရပါဘူး။ ဗိုက်ထိတဲ့တစ်ယောက်က တော်တော် စိုးရိမ်ရတယ်” ဟု ပြောသည်။

ကျောင်းထိုင်ဆရာတော်မှာ လက်မောင်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်အရပ်သားတစ်ဦးသည် ဝမ်းဗိုက် ထိမှန် ဒဏ်ရာ ပြင်းထန်လွန်းသောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ၎င်းက ဆိုသည်။

သိမ်ကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့သောကြောင့် စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြသူများမှာ ချက်ချင်းပင် နေအိမ်သို့ ပြန်ပြေးကြရပြီး လက်ရှိတွင် စစ်ဘေးရှောင်ရမည့်နေရာ မရှိတော့သဖြင့် စိုးရိမ် ကြောက်လန့် နေကြသည်ဟု သိရှိရသည်။

ဇွန်လ ၂၁ ရက် နံနက် ၉ နာရီ ကတည်းက ကရင်နီတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး မြို့အတွင်းသို့ လက်နက်ကြီးများ ဆက်တိုက် ကျရောက်နေသည်ဟု မြို့နေပြည်သူများက ပြောသည်။

ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ဖားဆောင်း သံလွင်တံတား ထိပ်တည့်တည့်မှာ သူတို့ ဆွယ်ပြီးတော့မှ အဲဒီကနေတက်ဖို့ လုပ်နေတာ။ ကျနော်တို့က ဒီဘက် အရှေ့ဘက်ကမ်းကို ရောက်မလာဖို့ ကာ နေတာ။ သူတို့က အခု အရှေ့ဘက်ကမ်း သံလွင်တံတားထိပ်မှာ၊ စစ်ရေး အခြေအနေကတော့ ဒီထက်ပိုပြီး ပြင်းထန်မယ့် အနေအထားတော့ ရှိနိုင်တယ်ပေါ့နော်။ သူတို့လည်းပဲ ဒီဘက်ကို ရောက်အောင်ထိုးဖို့ ပြင်ဆင် နေတာပေါ့။ ကျနော်တို့ကလည်း အတတ်နိုင်ဆုံး သံလွင်အရှေ့ဘက်ခြမ်းကို အတတ်နိုင်ဆုံးရအောင် ကာရမှာပေါ့” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ဖားဆောင်းတိုက်ပွဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ဖားဆောင်း PDF( 1108)၊ ဘော်လခဲ PDF (1105)၊ လွိုင်ကော် PDF (1103) တို့ အပြင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးထားသည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ- KNLPF) မှလည်း တော်လှန်ရေးအင်အားစုများ ဘက်မှ ပါဝင် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည့်အပြင် ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားပြီး ကုန်ဈေးနှုန်းများမှာ အဆမတန် ဈေးတက်နေသောကြောင့် အခြေခံ လူတန်းစားမှာ အသက်အန္တရာယ်အပြင် အငတ်ဘေး ကျရောက်မည်ကိုလည်း စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here