2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းဖားကန့်၊ မအူပင်ရွာအနီး စစ်ကောင်တပ်စီနှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

ဖားကန့်၊ မအူပင်ရွာအနီး စစ်ကောင်တပ်စီနှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်၊ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီစစ်ကြောင်းသည် ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာအနီး၌ KIA တပ်တို့၏ ပိတ်ဆို့တိုက်ခိုက်မှုကိုခံနေရပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တို့က ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် စစ်အင်အား ၅၀၀ ခန့်ရှိပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးရန် ကြိုးစားနေသည့်အတွက် မအူပင်ကျေးရွာနှင့် ကျောက်ထုကျေးရွာကြားတွင် ဧပြီလ ၂၈ ရက်နေ့အထိ ပိတ်ဆို့တိုက်ခိုက်နေသည့ ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

“စစ်ရေးအခြေအနေက စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက ကျောက်ထုမရောက်ခင် မအူပင်ကျေးရွာ အကျော်မှာ ရောက်နေတယ်။ မတက်လာနိုင်အောင် KIA ဘက်ကလည်း ပြင်းပြင်းထန်ထန် ပိတ်ဆို့တိုက်ခိုက်နေတာ မကျော်တက်နိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ၌ မအူပင်ရွာတွင် ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည့်အတွက် KIA သိမ်းပိုက်ထားပြီဖြစ်သည့် နန့်ယားကျေးရွာဘက်ကို အချိန်မရွေး ဝင်ရောက်လာနိုင်သည်ဟု ဆိုသည်။

မအူပင်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်အကြား ဧပြီလ ၂၇ ရက်နေ့ တစ်ရက်ထဲမှာပင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီကနေ ၁၀ နာရီအထိ တကြိမ်၊ ညနေပိုင်း ၃ နာရီကနေ ၅ နာရီဝန်းကျင်အထိတကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ၅ ဦးထက်နည်း ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းအရင်းအမြစ်များက ပြောသည်။

ယခုလို ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကောင်စီတပ်ကနေ စစ်အင်အား အလုံးအရင်းနှင့် စစ်ကြောင်းထိုးနေသည့်အတွက် ဖားကန့်သွားလမ်းပေါ်က နန့်ယား၊ ကပ်မှော်နှင့် ဆိုင်းဖရာ ကျေးရွာနေ ဒေသခံပြည်သူ ၆၀၀ ကျော်ခန့်သည် ဖားကန့်မြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်သည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ စသည့်ကျေးရွာတို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း KIA က အပြီးသတ် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်မှာ တစ်နှစ်ဝန်းကျင်ခန့် ကြာမြင့်လာချိန် စစ်ကောင်စီတပ်က အခုလို ထိုးစစ်ဆင်တန်ပြန် တိုက်ခိုက်လာခြင်လည်း ဖြစ်သည်။

စစ်ကောင်စီတပ်က ဧပြီလ ၂၄၊ ၂၅ ရက်ပိုင်းအတွင်း အင်းတော်ကြီးနှင့် ကားမိုင်းလမ်းကြောင်းနှစ်ခုကနေ စစ်အင်အား တစ်ထောင်ဝန်းကျင်ဖြင့် ဖားကန့်ဒေသဘက်ကို ဦးတည်၍စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

KNG ပေးပို့သည်။