ဖားကန့်တွင် ဧပြီလတစ်လအတွင်း အရပ်သားဖမ်းဆီးခံရမှု ၃၀၀ ကျော်အထိ ရှိခဲ့

0
227

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ပြီးခဲ့သော ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သော အရပ်သားပြည်သူများ ၃၀၀ ကျော်ထိရှိခဲ့ကြောင်း KNG ၏ စုစည်းချက်အရ သိရသည်။

ဖမ်းဆီးမှုခံရမှုတွင် ဧပြီ ၁၀ ရက်နေ့ မှော်ဝှမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော်ဖမ်းခံရမှု၊ ၂၁ ရက်နေ့ မှော်ဘုံရွာသား ၂၀၀ နီးပါးဖမ်းခံရမှု၊ ၂၆ ရက်နေ့က ဆန်ခါနှင့် မဇွပ်ယန် ရွာသား ၁၀၀ ကျော်ဖမ်းဆီးခံရမှု၊ ၂၉ ရက်နေ့က မလန်းယန်ရွာသား ၂၉ ဦး ဖမ်းဆီးခံရမှုရှိခဲ့သည်။

စစ်ကောင်စီတပ်က ယခုနောက်ပိုင်း အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု လုပ်ဆောင်နေခြင်းမှာ ပြည်သူတွေကို တော်လှန်ရေးလုပ်ငန်းစဉ်မှာ မပါဝင်နိုင်အောင် အကြောက်တရားသွင်းဆောင် နေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုသုံးသပ်ပြောဆိုသည်။

“သူတို့က ဒီတော်လှန်ရေးမှာ ဦးဆောင်ပြီးမှ လုပ်နေတဲ့သူတွေ သူတို့လိုချင်တဲ့လူတွေကို မရတော့အဲ့ဒီလူတွေနေတဲ့ ပတ်ဝန်းကျင်ကလူတွေကို အကျင့်တာလက်နက်အားကိုးပြီးမှ ဖမ်းဆီး တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်။ ပြည်သူတွေကို အကြောက်တရားသွင်းတာပေါ့။ ပြီးရင် တော်လှန်ရေးမှာ မပါဝင်ရဲအောင် နောက်တန်းကိုဖြုတ်တာပေါ့ ဘောလုံးအသင်းလိုပြောရရင်နောက်တန်းကိုဖြုတ်တာ” ဟု ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခံရသော အရပ်သား ၃၀၀ ကျော်အနက် အများစုကို ၎င်းတို့၏ စစ်ကြောင်းထဲ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး မလန်းယန်ရွာသား ၂၉ ဦး၊ ဆိုင်းဖရာရွာသား ၃၀ ကျော်၊ မဇွပ်ယန်ထောင်ပို့ခံရသည့် ဆန်ခါနဲ့ မဇွပ်ယန်ရွာသား ၁၀၀ ဦးတို့ကိုပြန်လွတ်ပေးခဲ့ပြီ ဖြစ်သော်လည်း Maden Yang (မှော်ဘုံ) ရွာသား ၂၀၀ နီးပါးအနက် ၆၀ ခန့်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ဖားကန့်တွင် စစ်ကောင်စီတပ်က စစ်ရေးဗျူဟာအရ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ အခြေစိုက်သော နေရာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် ကျေးရွာများကိုဝင်စီးခြင်းဖြင့် စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း စစ်ရေးမဆောင်ရွက်ရဟု တားမြစ်ထုတ်ပြန်ထားသည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံးများတွင်သာ စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲလျက်ရှိနေကြောင်း သိရသည်။

မေလ ၂ ရက်နေ့ကလည်း ဒွန်ဘန်နဲ့ မလန်းယန်ရွာသား ၃၀ ကျော်လူသားဒိုင်းအဖြစ်ဖမ်းခံရပြီး ယနေ့မနက်ပိုင်းတွင်လည်း မလန်းယန်ကျေးရွာကို အင်အားသုံး၍ ဝင်စီးရာ ဒေသခံအချို့ ဖမ်းဆီးခံထားရကြောင်း သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here