ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ၅ လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲများကြောင့် ဖလမ်းမြို့ပေါ်က ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ်နှင့် အစိုးရအဆောက်အအုံပေါင်း ၅၀၀ ခန့် ပျက်စီးခဲ့ရကြောင်း CNO/CNDF တာဝန်ရှိသူက ပြောဆိုသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ဖော်ဆောင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက “ကျွန်တော်တို့ ဖလမ်းမြို့က ပျက်စီးသွားတဲ့နေအိမ်တွေက ဂျက်ဖိုက်တာနဲ့ပစ်လို့ လုံးလုံးလျားလျားပျက်စီးတာ၊ ပြင်လို့မရတာ ၆၈ လုံး ရှိတယ်။ တခြားပြင်လို့ရတဲ့ဟာ Y-12 ကနေပစ်လို့ ခေါင်မိုးပျက်စီးတာမျိုးက ၂၁၇ လုံးရှိပါတယ်။ ကျန်တဲ့ဟာတွေကတော့ အစိုးရအဆောက်အအုံ တွေပါ။ နောက်ဘုရားကျောင်းက ၁၀ ကျောင်းပျက်စီးတယ်။ အစိုးရ အဆောက်အအုံတွေနဲ့ဆိုရင် အကုန်လုံး ပျက်စီးတာက ၄၀၀ ကျော် ၅၀၀ ကြားလောက်ပျက်စီးသွားပါတယ်” ဟု ပြောသည်။
နေအိမ်ပျက်စီးမှု အများဆုံးမှာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့်ဖြစ်ပြီး မီးလောင်ဗုံးပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။
“ပျက်စီးသွားတဲ့အရာက အထူးသဖြင့် လေကြောင်းကနေ အများဆုံးဖြစ်မယ်။ နောက်ပြီးတော့ အဲလိုလေကြောင်း ပစ်တော့ တခါတလေ ဂက်စ်တွေပေါက်ပြီးတော့ မီးလောင်သွားတာတွေ ရှိတယ်။ တချို့က မီးလောင်ဗုံးကြောင့် အိမ်မီးလောင်သွားတာတွေရှိတယ်။ နောက်ပြီးလို့ရှိရင် Y- 12 နဲ့ ၆၀ မမ တခါတလေ ၁၂၂ တွေနဲ့ ချတဲ့အခါကြတော့ အဲဒါတွေကြောင့် ပျက်စီးသွားတဲ့ဟာတွေပါ” ဟု ဆလိုင်းတီမီက ဆက်ပြောသည်။
လက်ရှိတွင် မိဘပြည်သူများ နေရပ်ပြန်လာနိုင်ရန် မြို့ကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်းနှင့် မြို့တွင်းသန့်ရှင်းရေး၊ သောက်ရေသုံးရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေးလုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်နေသည်ဟု ဆလိုင်းတီမီက ပြောပါသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့ဝင် ၈၉ ဦးကျဆုံးပြီး ရဲဘော် ၃၀ ဦးမှာ ကိုယ်လက်အဂ်ါဆုံးရှုံးခဲ့ရကာ အယောက် ၅၀၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။
၅ လကြာ ဆင်နွှဲခဲ့သော ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များအားလုံး လုံခြုံအောင် ကာကွယ်စောင့်လျှောက်မပေးနိုင်သည့်အပေါ် လွန်စွာစိတ်မကောင်းဖြစ်ရပြီး မိဘပြည်သူများအား ဘုရားနာမတော်အားဖြင့် အနူးအညွှတ်တောင်းပန်ကြောင်း CNO/CNDF က ထုတ်ပြန်ပြောဆိုထားသည်။
KMG ပေးပို့သည်။