ဖလမ်းမြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံကျပ် ၆၀၀၀၀ အထိ မြင့်တက်၊ တောင်ယာလုပ်ကိုင်သူများ အခက်ကြုံနေရ

0
269

ကလေး-ဖလမ်း လမ်းမကြီးအသွားအလာ ပိတ်ပင်ထားခြင်းကြောင့် ဖလမ်းမြို့နယ်အတွင်း ဓာတ်ဆီ တစ်ဂါလံ ၆၀,၀၀၀ အထိ မြင့်တက်လာသည့်အတွက် ဆိုင်ကယ်အသုံးပြုမှု နည်းလာပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း အခက်ကြုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ပြည်သူအများစုမှာ တောင်ယာထွက်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် ဆိုင်ကယ်ကို အဓိကထား အသုံးပြုလေ့ရှိကြပြီး ယခုကဲ့သို့ ဓာတ်ဆီစျေးနှုန်း မြင့်တက်မှုကြောင့် တောင်ယာလုပ်ငန်းတွင် အခက်ခဲကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောပါသည်။

ကလေး-ဖလမ်း လမ်မကြီးဘေးရှိ ဗားလုံကျေးရွာခံတစ်ဦးက “ကျွန်မတို့က ခါတိုင်းဆို တောင်ယာ သွားရင်လည်း ဆိုင်ကယ်ပဲသုံးတာ၊ အထူးသဖြင့် ဂေါ်ဖီထုပ်တွေသယ်တဲ့အခါ ဆိုင်ကယ်နဲ့ပဲ သယ်တာ၊ အခုတော့ လူကပဲထမ်းနေရတယ်၊ အိမ်အထိ ၃ မိုင်လောက်ကို။ ပြီးတော့ ခြေလျင်နဲ့ပဲ သွားလာနေရတော့တယ်။ ဓာတ်ဆီဝယ်ဖို့တောင် ရွာထဲမှာ မရှိသလောက်ပဲအခု” ဟု ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်ကို ဆက်သွယ်သော ကလေး-သိုင်းငင်း-ဖလမ်း ကားလမ်းမကြီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးအခြေအနေကြောင့် အကန့်သန့်မရှိ အသွားလာပိတ်ပင်ထားခြင်းဖြစ်ပြီး အခြေခံစားသောက်ကုန်နှင့် လောင်စာဆီများ ၀င်ရောက်နိုင်ခြင်း မရှိသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုကြောင့် ချင်းတောင်ဒေက သီးနှံများ အရောင်အဝယ်လုပ်ကိုင်သူများနှင့် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူများမှာ အကြပ်အတည်း ထပ်ဆင့်ကြုံတွေ့နေရသည်ဟု တောင်ယာလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က တောင်ယာကထွက်တဲ့ ဂေါ်ဖီထုပ်နဲ့ အာလူးတွေ၊ ကောက်ပဲသီးနှံတွေအားလုံးက ကလေးကို ကားနဲ့သယ်ပြီး ရောင်းနေရတာ။ အခုက ကားလမ်းကလည်းပိတ်တော့ သီးနှံတွေက ရောင်းလို့ မရဘူး။ သီးနှံတွေကလည်း သူ့အချိန်နဲ့အခါ ယူရတာ၊ မဟုတ်ရင် ရင့်ကုန်ပြီးတော့ ပုပ်သိုးတာ ဂေါ်ဖီထုပ်တွေဆို။ အခုလလည်း ဒီတိုင်း တောင်ယာမှာ ထားလိုက်တယ် မယူတော့ဘူး။ ဝက်စာအတွက်ပဲ ယူဖြစ်တယ်” ဟု ဂေါ်ဖီထုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းဒေသရှိ ပြည်သူများမှာ သီးနှံနှင့်ကုန်စိမ်းများကို ကလေးမြို့သို့ တင်ပို့ နေကြတာဖြစ်ပြီး ယခုကဲ့သို့ ကားလမ်းပိတ်ပင်မှုကြောင့် တောင်ယာထွက်သီးနှံများ အရောင်းဝယ် မလုပ်ကိုင်နိုင်တော့သည့်အတွက် ဝင်ငွေပြတ်လပ်မှု အကြပ်တည်းများ ကြုံတွေ့နေကြရကြေင်း ပြောဆိုကြသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here