ဖယ်ခုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရ

0
135
ပုံစာ - လက်နက်ကြီးထိမှန်ထားရာတစ်နေရာ။

ရှမ်း-ကရင်နီ (ကယား) နယ်စပ်၊ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက ကျေးရွာများကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းက ဖယ်ခုံအခြေစိုက်စစ်ကောင်စီတပ်တို့ကနေ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စစ်ရှောင်ကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။

“ပြည်သူ ၄ ယောက် ထိသွားတယ်၊ ကိုယ်ဝန်သည်တစ်ယောက်ပါတယ်။ ဒဏ်ရာတွေက ပြင်းထန်တယ် ဆေးရုံ အမြန်ပို့လိုက်ရတယ်။ လွယ်ပေါကရွာပြင်မှာ ကျတယ်၊ နန်းပေါလုံက ရွာထဲကျတယ်” ဟု အဆိုပါစစ်ရှောင်ကူညီ ဆောင်ရွက်သူက ပြောဆိုသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ (၃၃၆) ၊ ခမရ (၄၂၁) တပ်ရင်းနှင့် အမှတ်၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၇) အခြေစိုက်ထားကြောင်း သိရသည်။

မိုးဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးနားကကျေးရွာများထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိခိုက်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် အသက် ၂၃ နှစ် ဝန်းကျင်ရှိပြီး ယခုကဲ့သို့ ဖယ်ခုံ၊ မိုးဗြဲမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏရှိနေတာကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောဆိုသည်။

“စစ်ရှောင်ကာလမှာ ကိုယ်စီအခက်အခဲတွေ ရှိနေတယ်။ ပြီးတော့ ကိုယ့်ရွာနဲ့ကိုယ်နေပြန်တော့ သူတို့က (စကစ) အဲ့လို လက်နက်ကြီးနဲ့လိုက်ထုနေတော့ အိပ်ကောင်းခြင်းလည်းမအိပ်ရ၊ စားကောင်းခြင်းလည်းမစားရ ဘယ်အချိန်မှာ လက်နက်ကြီးနဲ့ ထုလာမလဲဆိုတဲ့အတွေးနဲ့ အမြဲတမ်းကြောက်လန့်နေရတယ်” ဟု ၎င်းက ပြောသည်။

ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းကို ပြီးခဲ့သည့် ၂၀၂၄၊ နိုဝင်ဘာလကတည်းက မိုးဗြဲ၊ ဖယ်ခုံ စစ်ကောင်စီ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၃၃၆) ၊ ခမရ (၄၂၁) ၊ ခမရ (၄၄၂) တပ်တို့ကနေ ကျေးရွာများထဲကို လက်နက်ကြီးနှင့် မကြာခဏပစ်ခတ်တာကြောင့် ဒေသခံများအပါအဝင် စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်သည် တိမ်းရှောင်ပြေး ခဲ့ရသည်။

ဖယ်ခုံ၊ မိုးဗြဲမြို့အတွင်း၌ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေတာကြောင့် အရပ်သားရှိရာနေရာများကို လက်နက်ကြီးနှင့်ပစ်ခတ်မှု၊ လေကြောင်းသာမက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကို လုပ်ဆောင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here