10 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းပွင့်ဖြူ၊ မဲဇလီတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

ပွင့်ဖြူ၊ မဲဇလီတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ စစ်ကောင်စီ၏ မဲဇလီတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် မဲဇလီတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် ၁ နာရီကျော်တွင် ဘန်ကာ ၃ လုံးပြိုသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“အဓိက ကတော့ အဲဒီစစ်ဆေးရေးဂိတ်ကို စီးနင်းနိုင်ဖို့ ကြိုးစားခဲ့တာပေါ့။ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရပါတယ်။ စစ်ကောင်စီဘက်က ပစ်အားမရှိတော့ချိန်မှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူခေါ်တာပါ” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီအင်အား ၁၃ ဦး ဝန်းကျင်ရှိသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက ဘန်ကာနားအထိ ကပ်နိုင်ခဲ့သည့်အပြင် တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်သား ၃ ဦးသာ မဲဇလီရဲစခန်းဘက် ပြန်ဆုတ်သွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နှင့် မင်းဘူးခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မဲဇလီတံတားဝန်းကျင်ကို လုံခြုံရေးတင်းကြပ်ထားပြီး ဘေးပတ်လည်မှရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင်လည်း ယင်းစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ လက်နက်ငယ်နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။