ပွင့်ဖြူမြို့နယ်တွင် တပ်ပြေးနှင့်ရဲပြေး ပိုများလာနေ

0
139
Photo - Social Media

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်သည့် တပ်ပြေးနှင့်ရဲပြေးအရေအတွက် များလာနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပွင့်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလများထဲတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ယခုကဲ့သို့ တပ်ပြေးနှင့်ရဲပြေး များလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဓိက ကတော့ သူတို့ဘက်က အထိနာတယ်။ ဒီဘက်က ပြေးတဲ့ရဲတွေကလည်း လူငယ်တွေများတယ်။ တိုက်ပွဲမှာ သူတို့ပါတော့ သွေးပျက်တာတွေလည်း ပါမယ်ထင်တယ်။ ဘယ်ကိုပြေးတယ်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂ လနီးပါးအတွင်း ထိုသို့တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း မဲဇလီရဲစခန်းမှ ရဲ ၂ ဦးနှင့် ဝါစိုက်ပျိုးရေးတပ်မှ စစ်သား ၃ ဦး ထွက်ပြေးသွားသည်ဟု ဆိုသည်။

လက်ရှိတွင် ထိုကဲ့သို့ထွက်ပြေးသွားသူ တပ်ပြေးနှင့်ရဲပြေးများ လာရောက်ပူးပေါင်းခြင်း ရှိ/မရှိကို မဖြေပေးနိုင်သေးကြောင်း မင်းဘူးခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဓိကက လက်နက်ပါရမယ်။ ပြစ်မှုလုပ်ထားတာ မရှိရဘူး။ ကျွန်တော်တို့နေသလို နေနိုင်ရမယ် စတာတွေရော အခြားမူဝါဒတွေရော ရှိတဲ့အတွက် ဒါတွေကိုလုံတဲ့သူကသာ ကျွန်တော်တို့နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်” ဟု အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here