28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းပွင့်ဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် ငွေကြေးအဓမ္မကောက်ခံနေ

ပွင့်ဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် ငွေကြေးအဓမ္မကောက်ခံနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် ငွေကြေးအဓမ္မကောက်ခံနေပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သူများအနေဖြင့် ချေးငှားထည့်ဝင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှတဆင့် ကျေးရွာများ၌ အဓမ္မကောက်ခံနေခြင်းဖြစ်ပြီး မဖြစ်မနေပေးရမည်ဟု ပြောဆိုသည့်အတွက် ဒေသခံများသည် ချေးငှားပေးနေရသည်ဟု သိရသည်။

ပွင့်ဖြူဒေသခံတစ်ဦးက “မရှိတဲ့လူတွေလည်း မရဘူး။ ဒီကောင်က အတင်းတောင်းတာ၊ ခင်ဗျားတို့ ဒီလောက် ပိုက်ဆံလေးနဲ့ တော်တော်မွဲနေလား ဘာလားနဲ့ တစ်အိမ်မကျန်အကုန် သူကစစ်ပေးတာ အခုဆို နိုင်ငံခြားမှာနေတဲ့သူတွေရော ထည့်ရပါမယ်တဲ့” ဟု ပြောသည်။

စစ်မှုထမ်းကြေးအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၁၅၀၀၀ မှ ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ ကောက်ခံကြောင်း သိရသည်။

အပတ်စဉ်တိုင်း ကျေးရွာများကို အုပ်ချုပ်ရေးမှူးနှင့် ပဏ္ဏာစားသူများက လာရောက်ကောက်ခံခြင်းဖြစ်ပြီး အပတ်စဉ် ၁၅ အတွက် ယခုဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးဆောင်ရမည်ဟု သိရသည်။

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦးက လ.ဝ.က ရုံးသို့ အကြွေး ၂၆ သိန်းပေးစရာရှိသည့်အတွက် တစ်အိမ်မကျန် မဖြစ်မနေပေးရမည်ဟုဆိုကာ ကောက်ခံနေကြောင်းလည်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁ နှင့် ၂ ကို မဲနှိုက်ရွေးချယ်ပြီးနောက်ပိုင်း နောက်အပတ်စဉ်များအတွက် မဲမနှိုက်တော့ဘဲ ပျူစောထီးများကိုသာ စစ်မှုထမ်းထဲထည့်ကာ စစ်ကောင်စီက အဆိုပါ စစ်မှုထမ်းကောက်ခံငွေရရှိသည့် ငွေကြေးများကို ပျူစောထီးများနှင့် အချိုးကျခွဲဝေယူနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။