မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် လက်ရှိအချိန်အထိ အဆိုပါအဖမ်းခံရသူနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း မိသားစုဝင်တို့ ပြောဆိုမှုအရ သိရသည်။
အဆိုပါ ပွင့်ဖြူဒေသခံကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၆ ရက် ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်မရဘဲ သတင်းပြတ်တောက်နေသည်ဟု ဆိုသည်။
“ဇီးခြံက ဦးအေးဆိုတဲ့သူကို ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတာမှန်း မသိရဘူး။ မိသားစုနဲ့လည်း အဆက်သွယ်မရဘူး ပြောတယ်။ နှိပ်စက်နေမလား စိုးရိမ်ရတာပေါ့” ဟု အဖမ်းခံရသူနှင့် နီးစပ်သူက ပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ဦးအေးသည် ယခုနှစ်ထဲတွင် ပွင့်ဖြူမြို့၊ မဲဇလီရဲစခန်း၌ ၂ လကျော်ကြာ ဖမ်းဆီခံခဲ့ရပြီးနောက် ပြန်လွတ်လာသည်မှာ လပိုင်းသာရှိသေးသည်ဟု ၎င်းကပြောပြသည်။
ဦးအေးယခုကဲ့သို့ ဖမ်းဆီးခံရမှုသည် PDF များကို ထောက်ပို့လုပ်သည်ဟုဆိုသော အကြောင်းပြချက်နှင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စစ်ကောင်စီအင်အား ၂၀ ဝန်းကျင်သည် ဖလံကျင်းကျေးရွာကို ဝင်ရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ရွာနှင့်မျက်နှာချင်းဆိုင် ဇီးခြံတွင်ရှိသော နေအိမ်မှ ဦးအေးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မိသားစုများအနေဖြင့် ဦးအေးဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် အခြေအနေသိရှိနိုင်ရန် သွားရောက်စုံစမ်းမှု ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီဘက်က လက်မခံသည့်အတွက် တွေ့ဆုံနိုင်ခြင်းမရှိသေးဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံများနှင့် နီးစပ်သူတချို့က ဦးအေးကို ဝါစိုက်ပျိုးရေးတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကြောရေးလုပ်နေကြောင်း ပြောဆိုသည်။
ဖလံကျင်းကျေးရွာကို စစ်ကောင်စီက အဝင်/အထွက်များ ပြုလုပ်နေသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေပြီး ကျီးလန့်စာစားနေရကြောင်း ပြောဆိုနေကြသည်။
သံလွင်တိုင်းမ် ပေးပို့သည်။