ပွင့်ဖြူတွင် စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရမှုအတွင်း တပ်သား ၄ ဦးသေဆုံး

0
93
Photo - မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရမှုအတွင်း တပ်သား ၄ ဦးအပါအဝင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် မဲဇလီ – ဆည်တော်တံတား ဆည်တော်ဘက်ခြမ်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဂိတ်မှာက စစ်ကောင်စီတပ်သားတွေပဲ ရှိတာ။ ပျူစောထီးတွေတော့ မရှိဘူး။ ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်လို့တော့ ပြောလို့ရတာပေါ့။ လက်ရှိမှာတော့ စစ်ကောင်စီဘက်က အင်အားတိုးပြီး ဂိတ်ပြန်ထိုင်ထားတယ်” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဆည်တော်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းဝင်ရောက်ပြီး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆည်တော်တံတားဂိတ်တွင် စစ်ကောင်စီတပ်သား ၃ ဦး ရှိပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာများဖြင့် ပြန်လည်ခုခံခဲ့သည်ဟု ဆိုသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီစစ်သား အလောင်းကို လာရောက်ကောက်ယူသည့် အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားများကို ဆည်တော်ဘက်ခြမ်းဂိတ်၌ပင် မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ၂ ဦး ထပ်မံသေဆုံးကြောင်း ပြောဆိုထားသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများထံမှ G-2 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၈ တောင့်နှင့် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) နှင့် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here