အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတချို့ကြား စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအပါအဝင် ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက် ၆ ရပ် ဘုံသဘောထားတူညီချက်ထဲတွင် ချင်းညီနောင်အဖွဲ့ (CB) ပါ ပါဝင်လာပြီဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ရွေးကောက်ခံကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့နှင့်အတူ ချင်းညီနောင်အဖွဲ့ (CB) က နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို သဘောတူညီသည့် ပူးတွဲကြေညာချက်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ နိုင်ငံရေးဦးတည်ချက် ၆ ရပ် ဘုံသဘောထားတူညီချက်သည် K2C ဟု ခေါ်သော KNPP၊ KNU၊ CNF နှင့် NUG တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်က ပူးတွဲထုတ်ပြန်ခဲ့သော ဘုံသဘောထားရပ်တည်ချက်များနှင့် အတူတူပင် ဖြစ်သည်ကို တွေ့ရှိရသည်။
CRPH မှ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က “၂၀၂၄ ဇန်နဝါရီလ ထုတ်ပြန်ချက်နဲ့ ဒီထုတ်ပြန်ချက်က နိုင်ငံရေး ရည်မှန်းချက်က အတူတူပဲဖြစ်ပါတယ်။ အဲဒီက နိုင်ငံရေးရည်မှန်းချက်ကိုလည်း ဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတယ်ဆိုတော့ ဒီနိုင်ငံရေးဘုံသဘောထား ရပ်တည်ချက်အနေနဲ့ အခိုင်အမာနဲ့ သံဓိဌာန်ချထားပြီးသား အဖွဲ့အစည်းတွေက ထပ်ပြီးတော့ တိုးလာတယ်ဆိုတာကို ပြတဲ့သဘောလည်းဖြစ်တယ်” ဟု ပြောဆိုသည်။
ဆက်လက်ပြီး ဦးစည်သူမောင်က “ဆိုလိုတာက အဲဒီမှာပါခဲ့တဲ့ KNPP နဲ့ KNU အဖွဲ့ကလည်း NUCC ရဲ့ ERO အဖွဲ့ ထဲမှာ ပါပြီသားပေါ့နော်။ အဲလိုပဲ အဲမှာပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီထုတ်ပြန်ချက်မှာ ပါပြီသား ဖြစ်တယ်။ CNF အနေနဲ့ ပြီးခဲ့တဲ့ထုတ်ပြန်ချက်မှာ ပါပြီးတဲ့အပြင်ကို အခုဒီထုတ်ပြန်ချက်မှာ နောက်ထပ် ချင်းညီနောင်အဖွဲ့က ထပ်ပါလာတယ်ဆိုတာဟာ ဒီနိုင်ငံရေးရပ်တည်ချက်တွေဟာ ကျနော်တို့ကြားထဲမှာ ပိုပြီးတော့ ခိုင်မာလာတယ်။ ဘုံသဘောထားရပ်တည်ချက်တွေဟာ ပိုပြီးတော့တူလာတယ်ဆိုတာကို ပြသတဲ့ သဘောလို့လည်း ယူဆလို့ရတယ်” ဟု ပြောသည်။
နိုင်ငံရေးဦးတည်ချက် ၆ ရပ်တွင် စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး အနာဂါတ်တွင် စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန် စသည့် အချက်တို့ပါဝင်သည်။
ယင်းအပြင် သက်ဆိုင်သူအစုအဖွဲ့အားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်ကို တည်ဆောက်ရန်၊ မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန် စသည့်အချက်များလည်း ပါဝင်သည်။
၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသား လူထုတရပ်လုံး လိုလားနေသည့် ပန်းတိုင်သို့ ချီတက်နိုင်ရေးအတွက် ရရှိထားပြီးသော စုစည်းညီညွတ်မှုထက် ပိုမိုကျယ်ပြန့်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန်တိုက်ပွဲဝင်နေသည်ဟု ထိုပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးစည်သူမောင်က “ပူးတွဲထုတ်ပြန်ချက်ကို ချုပ်ပြောရရင် ကျနော်တို့ကြားထဲမှာ ညီညွတ်မှုရှိနေတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ခိုင်ခိုင်မာမာနဲ့ဖော်ပြရင်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကို ဖော်ပြထားခြင်းဖြစ်တယ်” ဟု ဆက်ပြောသည်။
ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နမိတ်ပိုင်းခြားသတ်မှတ်ရေး ကိစ္စရပ်များကို အသွင်းကူးပြောင်းရေးကာလ ရောက်ရှိသောအခါ လူထုဆန္ဒကိုအခြေခံ၍ မည်သည့်ခွဲခြားဆက်ဆံမှု မရှိစေဘဲ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီ ကျင်းပရန်ပြင်ဆင်နေသောရွေးကောက်ပွဲသည် နိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ကြရန် တိုက်တွန်းထားသည်။
KMG ပေးပို့သည်။