ပုလဲမြို့တွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA နှင့် ခရိုင်တပ်ရင်းတို့ အပြန်အလှန်ဖမ်းဆီးမှုဖြစ်ပွား

0
132
Photo – BNRA

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း သစ်ကိစ္စဖြင့် ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နှင့် ယင်းမာပင်ခရိုင်တပ်ရင်းတချို့တို့ အပြန်အလှန်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

BNRA တပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက ပုလဲမြို့နယ်တွင်းတစ်နေရာတွင် ကျွန်းသစ်ခွဲသားများ၊ သစ်အချောထည် (export) များ တင်လာသည့် ကားတစ်စီးကို ဖမ်းဆီးခဲ့ပြီး မီးဘေးသင့်ထားသည့် ကျေးရွာများ ပြန်လည်တည်ထောင်ရေးကော်မတီဆီကို လွဲပြောင်းရန်အတွက် စီစဉ်ခဲ့သည်ဟု BNRA က ဆိုသည်။

အဆိုပါသစ်ကားမှာ ယင်းမာပင်ခရိုင်တပ်ရင်းတပ်ဖွဲ့၏ ကားဖြစ်ကြောင်းနှင့် ယင်းမာပင် ခရိုင်တပ်ရင်းဘက်လည်း ဗိုလ်နဂါး၏ ဆွေမျိုးတော်စပ်သူ ၃ ယောက်အပါအဝင် BNRA နှင့် ဆက်စပ်သူ အယောက် ၂၀ ကို ပြန်လည် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဗိုလ်နဂါးတပ်များရှိရာ နယ်မြေအတွင်းကို ယင်းမာပင်တပ်ရင်းတချို့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့မှုကြောင့် BNRA တပ်ဖွဲ့များက ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

ထိုသို့ အပြန်အလှန် ဖမ်းဆီးမှုပြုရာမှ နှစ်ဖက်အကြား မကျေလည်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန် ဖမ်းဆီးထားသူများအရေးအတွက် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) များက ကြားဝင်ညှိနှိုင်းမှုများ လုပ်ဆောင်ပေးပြီးနောက် ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု BNRA က ပြောဆိုသည်။

ယခုဖြစ်စဉ် မတိုင်မီ ဧပြီလ ၂၂ ရက်နေ့ကလည်း BNRA နှင့် အိုင်ရောင်းကျေးရွာ မီးဘေးသင့်ပြည်သူများ ကျေးရွာ ပြန်လည်ထူထောင်ရေး တဲအိမ်များ တည်ဆောက်ရေးအတွက် ထိန်းသိမ်းထားသည့် သစ်ကွင်းများ သွားရောက်ထုတ်ယူရာတွင် ယင်းမာပင်ခရိုင်တပ်ရင်းများနှင့် တင်းမာမှုရှိခဲ့ပြီး သစ်ယူဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း BNRA က ဧပြီလ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းမာပင် ခရိုင်တပ်ရင်း ၃,၄,၅,၆ အနေဖြင့် တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပါ။

ဧပြီ ၁၃ ရက်နေ့တွင် ပုလဲမြို့နယ်ရှိ အိုင်ရောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၁၁၅ လုံး ၊ ပြည်သူ ၅၀၂ ဦး မီးဘေးသင့်ခဲ့ကြောင်း မြို့နယ်ပကဖထံမှ သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here