တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ ပဝတ်ကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု့ကြား ဖြစ်ပွားခဲ့သည့် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က တပ်အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်သည် ပဝတ်ကုန်း ကျေးရွာထဲသို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်လာခြင်းကြောင့် ဒေသကာကွယ်ရေးတပ်နှင့် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ပလတိုရွာ စစ်ဆေးရေးဂိတ်နှင့် ပုလော-မကျည်းကုန်း စစ်ဆေးရေးဂိတ်များ ပိတ်ထားခဲ့သည့်အတွက် ခရီးသွားကား ရာနှင့်ချီ အချိန် ၂ ရက်အကြာ ပိတ်မိခဲ့ပြီး ဇွန်လ၂၂ ရက် တိုက်ပွဲများအပြီး ခရီးသွားကားများ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ပဝတ်ကုန်း ကျေးရွာအနီး ရန်ကုန်-မြိတ် ကားလမ်းပေါ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က ခရီးသွားကားများကို စစ်ဆေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်တိုက်ခိုက်ခြင်းကြောင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။