မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် (၁) ရပ်ကွက် လှေဆိပ်အနီးရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၏ နှစ်ထပ်တိုက်အိမ်ကို ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်က လှေဖြင့် ရောက်ရှိလာသည့် လူတစ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
“မိသားစုဝင်တွေကို ဘာမှတော့ မလုပ်သွားပါဘူး။ အိမ်ကို မီးရှို့တာ အောက်ထပ်မီးစွဲလောက်မှ လှေနဲ့ ပြန်ထွက်သွားကြတယ်။ ကြောက်လို့ အိမ်ထဲကပဲ ချောင်းကြည့်ခဲ့ရတယ်” ဟု အမှတ် (၁) ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
နေအိမ်မီးရှို့ခံရချိန်တွင် ဦးသိန်းဝင်းမှာ နေအိမ်တွင် ရှိမနေဘဲ နေ့စဉ် ဒီရေအတက်အကျပေါ်မူတည်ပြီး ကမ်းသို့ ဝင်/ထွက် ဆိုက်ကပ်လေ့ရှိသည့် တနိုင်တပိုင် ငါးဖမ်းပိုက်လှေငယ်များထံမှ ငွေကြေးကောက်ခံရန် ပုလောတံတား ဆိပ်ကမ်းဘက်သို့ ရောက်ရှိနေချိန်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနေအိမ် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ နတ်အိမ်ကမ်းကျေးရွာနှင့် မှော်ကြောင်းကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မှော်ကြောင်းကျေးရွာမှ နေအိမ်တစ်ဆောင် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်း အခြေစိုက်သည့် ပုလောမြို့တွင် ရပ်ကွက် ၅ ခုရှိပြီး စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားပြီးနောက် မြို့အဝင်/အထွက် နေရာ ၅ နေရာတွင် ဂိတ်များချကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်အကြားမှ ယခုကဲ့သို့ မြို့ပေါ်အုပ်ချုပ်ရေးမှူး၏ နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
NMG ပေးပို့သည်။