တနင်္သာရီတိုင်း၊ ပုလောမြို့ အမှတ် (၅) ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံကနေ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီခွဲခန့်တွင် အမှတ် (၅) ရပ်ကွက်ရှိ အသက် ၆၈ နှစ်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့်ဦးသန်းဝင်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ၎င်း၏နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
ဦးသန်းဝင်းသည် စစ်အာဏာသိမ်းပြီးနောက် ပုလောမြို့ အမှတ် (၅) ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီအလိုကျ လူငယ်များကို စစ်မှုထမ်းအဖြစ် အဓမ္မသွတ်သွင်းနေသူဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ လူငယ်များကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းအဖြစ် သွတ်သွင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်မှုကို ဆက်တိုက်လုပ်ဆောင်နေလို့ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပုလောမြို့နယ်အတွင်း ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေနှင့် ပြည်သူလူထုကို စစ်မှုထမ်းအဖြစ် သွတ်သွင်းဖမ်းဆီးခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း တနင်္သာရီတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတို့က ဒလန်ရှင်းခေါင်းစဉ်နှင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် အရပ်သား ၂၁ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသတွင်းသုတေသနအဖွဲ့ FE5Thanintharyi ၏ အစီရင်ခံစာအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။