ပုလောတွင် အမျိုးသမီးနှင့် လူငယ်အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖမ်းဆီးထား

0
104

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် လူငယ် အယောက် ၂၀ ကျော်၏ အသက်အန္တရာယ်မှာ စိုးရိမ်နေရသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောဆိုသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့တိုက်ပွဲအပြီး ဖမ်းဆီးခံရသည့် အရပ်သားများအနက် ပြန်မလွတ်လာသေးသော အရပ်သားလူငယ်နှင့် အမျိုးသမီးများအတွက် စိုးရိမ်နေရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က “ပုံမှန်အားဖြင့် စိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မပြောကောင်းမဆိုကောင်းပေါ့နော၊ အလောင်း ဖျောက်ပစ်လိုက်တာတို့၊ သတင်းအစအန လုံးဝမရတော့တာတို့နော်။ ပြီး ပျောက်ဆုံးနေမှုက တချို့ဆိုလို့ရှင် သုံး၊ လေး၊ ငါးလလောက် ဆက်တိုက်ပျောက်သွားတယ်။ ပြန်ပြီးတော့ အစအန ပြန်ဖော်လို့မရတော့ဘူး။ နောက် ဖြစ်တတ်တာက အစအနဖျောက်ပြီးတော့ ဘယ်နေရာကို ပို့လိုက်တာ ဥပမာ – ရှေ့တန်းကို ပို့လိုက်ပြီးတော့ လူသားဒိုင်းအဖြစ် အသုံးခံရတဲ့အခြေအနေတွေဖြစ်မှာ စိုးရိမ်တယ်” ဟု ပြောသည်။

ပုလောမြို့နယ်ရှိ ပလမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲအပြီး စစ်ကောင်စီတပ်သည် ပလမြို့လမ်းရှိ တွေ့သမျှ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံအယောက် ၆၀ ကျော်ကို ဖမ်းဆီးသွားခဲ့သည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောဆိုသည်။

ဖမ်းဆီးခံရသူများထဲမှ ဒေသခံအယောက် ၄၀ ကျော်ကို စက်တင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း မသင်မနေရစစ်မှုထမ်းဥပဒေ၌ အကျုံးဝင်နေသည့် သတ်မှတ်ချက်များနှင့်ပြည့်မီသော အသက်အရွယ်ရှိသည့် လူငယ်နှင့် အမျိုးသမီး အယောက် ၂၀ ကျော်အား ဆက်လက်ဖမ်းဆီးထားသည်ဟု (HURFOM) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ယခုလိုဆက်ပြောသည်။

“ဖမ်းသွားတဲ့အချိန်တုန်းက ၂၀ ကျော်တယ်။ ၂၀ လောက်ထိက ပြန်မလွှတ်သေးဘူး။ ဆိုတော့ အဲ့လို ပြန်မလွှတ်တဲ့အကြောင်းအရင်းတွေက လူသားဒိုင်းအနေနဲ့ သုံးသွားတာလိုပြောကြသလို တချို့ကလည်း စစ်တပ်မှာ အချုပ်ခံထားရတယ်လို့ ပြောတယ်။ တချို့လည်း သတင်းအစအန ပျောက်နေတဲ့အပေါ်မှာ စိုးရိမ်နေကြတယ်” ဟု ၎င်းက ပြောသည်။

အလားတူ ဩဂုတ်လ ၃၀ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ဘူးသီးကျေးရွာအနီးတွင် စစ်ကောင်စီမှ ဒေသခံရွာသား ၄ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများထဲမှ အသက် (၅၂) နှစ်အရွယ် ဦးကျော်သန်းသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် ပစ်သတ်ခံခဲ့ရပြီး အသက် (၅၃) နှစ်အရွယ် ဦးဖိုးအေးသည် စက်တင်ဘာ ၁ ရက်နေ့နှင့် စက်တင်ဘာလ ၂ ရက်နေ့တို့တွင် အသက် (၅၀) နှစ်အရွယ် ဦးဘရွှေတို့ ပစ်သတ်ခံခဲ့ရသည်ဟု (HURFOM) က ပြောဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here