ပုလောတိုက်ပွဲအတွင်း ကျောက်တင်ကားမောင်းသူ အရပ်သား ၁ ဦးသေဆုံး

0
397
ပုံစာ- နှစ်ဘက်တပ်ကြား တိုက်ပွဲဖြစ်ပွားသည့် လမ်းပိုင်းတစ်နေရာ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်တပ်ရင်း – ၁ ပြန်ကြားရေးတာဝန်ရှိသူတို့က ပြောသည်။

ဇွန် ၁၇ ရက် နေ့လည် ၂ နာရီခန့်က ပဝတ်ကုန်းကျေးရွာအနီး ဒေသကာကွယ်ရေးတပ်များက ခရီးသွားယာဉ်များကို စစ်ဆေးမှု ပြုလုပ်နေချိန် စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အချိန် ၁၀ မိနစ်ကျော်သာ ဖြစ်ပွားခဲ့သည့် နှစ်ဘက်တိုက်ပွဲအတွင်း ကျောက်တင်ကား မောင်းနှင်လာသည့် အသက် ၄၀ အရွယ် တနင်္သာရီမြို့နေသူ ကိုဝဏ္ဏတိုးသည် အခင်းဖြစ်ရာ နေရာမှာပင် ကျည်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း သေဆုံးသွားသူ၏အလောင်းကို မိသားစုဝင်များက လာရောက်ကောက်ယူသွားကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ပုလောမြို့ပေါ်ဘက်သို့ ကားဖြင့်မောင်းပြေးသွားပြီး ယင်းပစ်ခတ်မှုတွင် တော်လှန်ရေး အင်အားစုများဘက်က ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသော ပုလောမြို့နယ်သည် စစ်အာဏာသိမ်းသည့် ၂ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က နယ်မြေအချို့ကို လက်လွှတ်ထားရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here