ပုဏ္ဏားကျွန်းမြို့နယ် တောဖျားဒေသက စစ်ရှောင် ၅ထောင်ခန့် စားနပ်ရိက္ခာပြတ်လပ်မည့်အရေးနှင့်ကြုံနေရ

0
269
ပုံစာ - ရခိုင်စစ်ဘေးရှောင်တချို့။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပုဏ္ဏားကျွန်း မြို့နယ် အထက်ပိုင်း တောဖျားချောင်းဒေသတွင် လာရောက်ခိုလှုံကြသည့် တိုက်ပွဲရှောင် ၅,၀၀၀ ခန့်မှာ စားနပ်ရိက္ခာ ပြတ်လပ်မည့်အရေးနှင့် ကြုံတွေ့နေကြရသည်။

ပိုးရွှီပြင်ကျေးရွာတွင် တိုက်ပွဲတိမ်းရှောင်နေသူဦးရေ ၂၀၀၀ ကျော် အထိ ရှိနေပြီး ၎င်းတို့စားရေးသောက်ရေး အတွက် ကျေးရွာသားများက ဝိုင်းဝန်းကူညီပေးထားပြီး လက်ရှိ ရိက္ခာနည်းပါးနေပြီဖြစ်၍ လာမည့်ရက်ပိုင်း အတွင်း ပြတ်လပ်တော့မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် စီစဉ်ပေးတယ်။ သူတို့ (တိုက်ပွဲရှောင်) တွေ ရောက်တာလဲ လခွဲလောက်ရှိပြီ။ ခုက လမ်းခရီးတွေလည်း ကန့်သတ်ထားတော့ ရွာမှာရှိတဲ့ကုန်ပစ္စည်းတွေလည်း ကုန်လာပြီ။ ရွာကလူတွေမှာလည်း အခက်အခဲရှိတယ်။ အကူအညီမရရင်တော့ အခက်အခဲ ပိုဖြစ်လာမယ် ” ဟု ပုဏ္ဏားကျွန်း မြို့နယ်၊ ပိုးရွှီပြင်ကျေးရွာမှ ဦးမောင်မြင့်လင်းက ပြောသည်။

တောဖျားဒေသတွင် လာရောက်ခိုလှုံနေကြသူများထဲတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်၊ လက်ဝဲစာတိုက်၊ ကွမ်းတောင်၊ မြေကုန်း၊ ပေါက်တောမြို့နယ်၊ မနော်သီရိ၊ ရသေ့တောင်မြို့ပေါ် ဒေသခံများ၊ စစ်တွေမြို့ နယ်စသည့် နေရာအသီးသီးမှ ဒေသခံများ ပါဝင်ကြသည်။

အဆိုပါဒေသခံများမှာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုနှင့် နေအိမ်မီးရှို့ခံရမှုတို့ကြောင့် တောဖျားချောင်းဒေသရှိ ပိုးရွှီပြင်၊ ဂန့်ဂါ၊ ရဟတ်တောင်၊ ပြိုင်းချောင်း၊ စေတီပြင်၊ မဲဒမ၊ ပေါက်တောပြင်စသည့် ကျေးရွာအသီးသီးတွင် တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသူများမှာ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြသည်။

“ကျမတို့က ဒီကလူတွေရဲ့ ကူညီပေးထားလို့ ဝဝလင်လင်မစားရပေမယ့် နည်းနည်းအဆင်ပြေတယ်။ ရွာက လူတွေမှာလည်း အခက်အခဲတွေ ရှိကြတယ်။ အခုက ရွာမှာလည်း ရိက္ခာတွေ နည်းလာပြီ။ ရွာသားတွေ မကူညီပေးနိုင်ရင် ကျမတို့လည်း အခက်အခဲဖြစ်မှာ” ဟု ရသေ့တောင်မြို့ပေါ်မှ ထွက်ပြေးလာသူ ဒေါ်ခင်မေအောင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍စစ်ကောင်စီက ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ပိတ်ဆို့ထားမှုကြောင့်လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကိုပို၍ကြုံနေရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အထက်ပိုင်း တောဖျားချောင်းဒေသသည် ဝေးလံခေါင်ဖျားသော ဒေသတစ်ခုဖြစ်သည့် အလျောက် နဂိုကတည်းကပင် ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခက်အခဲများ ရှိသည်။

စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု မရရှိသည့်အပြင် လက်ရှိ စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ကန့်သတ် ပိတ်ပင်ထားမှုကြောင့် စားရေသောက်ရေး၊ ကျန်းမာရေးကအစ ပို၍ အခက်ကြုံနိုင်သည်။

“လူမှုကူညီရေးအဖွဲ့တွေလည်း သွားလို့မရဘူး။ ကုန်ပစ္စည်း၊ ရိက္ခာတွေကလည်း ပြတ်လပ်နေပြီဆိုတော့ စစ်ဘေးရှောင်တွေက ဒုက္ခရောက်မှာ အသေအချာပဲ” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ကြား တိုက်ပွဲဖြစ်ပွားနေမှုမှာ ဆက်လက်ပြင်းထန် လာနိုင်သည်နှင့်အမျှ စစ်ကောင်စီက လမ်းခရီးဆက်ပိတ်ထားပါက စားနပ်ရိက္ခာပြတ်တောက်သွားမည်ကို တိုက်ပွဲရှောင်များက စိုးရိမ်နေကြသည်။

“ကြာလာရင် ကျမတို့က လုံးဝ အငတ်ဘေးဆိုက်တော့မယ်။ လူမှုကူညီရေးအဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်း တွေကို ကူညီခွင့်ပေးဖို့ ကျမတို့တောင်းဆိုချင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊သာစည်ကျေးရွာမှ ထွက်ပြေးလာသူ ဒေါ်မအေးလှက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၆ သောင်းကျော်အထိ ရှိလာနေသည်။

အောင်ထိန်(DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here