ပအိုဝ်းဒေသရှိဘုန်းကြီးကျောင်း ဒုတိယအကြိမ်လေးကြောင်းဗုံးကြဲတိုက်ခိုက်မှုခံရ

0
134
ပုံစာ - ၂၀၂၃ ခုနှစ်က နန်းနိန်ကျေးရွာအား စစ်တပ်နှင့် PNA ပူးပေါင်းတပ်က မီးရှို့ခဲ့သည့်မြင်ကွင်။ (Photo – KNDF / ပုံဟောင်းဖြစ်သည်)

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နန်းနိန်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ အလေးချိန်ရှိဗုံးနှင့် လေကြောင်းကနေ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

နန်းနိန်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပအိုဝ်းပြည်သူ့စစ် (PNA) လမ်းညွှန်မှု မြေပြင်မှသတင်းပေးမှုများကြောင့် ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

“စစ်ကောင်စီက ဗုံးလာကြဲတာပေါ့၊ အဲဒါနဲ့ ပျက်စီးသွားတယ်လို့ ပြောပါတယ်။ အရင်တခေါက် ဖြစ်တုန်းက ခေါင်မိုးပဲ ပျက်စီးတာပေါ့နော်။ အခုကတော့ အများကြီးပျက်စီး လုံးဝကို ပျက်စီးသွားပြီ။ နေလို့မရတဲ့အထိ ပျက်စီးသွားပြီလို့ သိရပါတယ်။ ရိုးရိုးဗုံးနဲ့ မတူဘူး။ ပေါက်ကွဲအား ထိရောက်မှုတွေက မတူဘူး” ဟု ဘုန်းကြီးကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ကြား တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် နန်းနိန်ဘုန်းကြီးကျောင်းခေါင်မိုးများ အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ရွာသားတစ်ဦးလည်း ထိခိုက် သေဆုံးခဲ့ဖူးသည်။

ထို့အပြင် နန်းနိန်ဘုန်းကြီးကျောင်း၌ ခိုလှုံနေသော သံဃာတော် ၃ ပါးနှင့် စစ်ဘေးရှောင် အယောက် ၂၀ ကျော်တို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့သတ်ဖြတ်ခဲ့ပြီး PDF များကို စစ်ရေးအောင်နိုင်ခဲ့သည်ဆိုသော ပုံစံမျိုးနှင့် မီဒီယာများတွင် ဝါဒဖြန့်ခဲ့သည်။

ထိုအချိန်မှစပြီး နန်းနိန်ကျေးရွာ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်ခဲ့ကြပြီး ယခုတကြိမ် လေကြောင်းမှ ထပ်မံ တိုက်ခိုက်ချိန်၌ ကျေးရွာထဲတွင် လူသူမရှိသည့်အတွက် အရပ်သားထိခိုက်မှု မရှိခဲ့ဟု ၎င်းကဆိုသည်။

“သူတို့ ဒီလိုလုပ်တော့လည်း အရင်နှစ်က ဖြစ်ပွားခဲ့တဲ့ နန်းနိန်ရွာ အစုလိုက်အပြုံလိုက် လူသတ်မှုက ဘယ်သူတွေ လုပ်ခဲ့တယ်။ ဘယ်သူတွေက ဘယ်လိုမျိုး စိတ်ဓါတ်ရှိတယ်ဆိုတာ ပေါ်သွားတာပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

လတ်တလော အခြေအနေအရ ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပြာကျ ပျက်စီးသွားပြီဖြစ်၍ ပြန်လည်ပြုပြင်ရမည့် ကုန်ကျစရိတ်က ငွေကျပ် သိန်းထောင်ချီရှိနိုင်ပြီး ပြန်လည်ထူထောင်ရေးကာလရောက်မှသာ ပြန်ပြင်ဆင်နိုင်တော့မည်ဟု ရွာသားများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here