ပလက်ဝမြို့ခံ စစ်ဘေးရှောင်အများစု နေရပ်သို့ မပြန်နိုင်ကြသေး

0
420

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် မြို့ခံပြည်သူအများစုမှာ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း သိရသည်။

ယခုအချိန်၌ ပလက်၀မြို့ပေါ်နှင့် မြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိထားသည်မှာ ၃ ပတ်ခန့် ရှိလာခဲ့ပြီ ဖြစ်သော်လည်း စစ်ရေးအခြေအနေကြောင့် စစ်ဘေးရှောင်ပလက်ဝမြို့ခံများကို ရက္ခိုင့်တပ်တော်က နေရပ်ပြန်ခွင့် မပြုသေးခြင်းဖြစ်သည်ဟု ပလက်၀မြို့ဒေသခံတစ်ဦးက အခုလိုပြောသည်။

“ပလက်ဝမြို့ပေါ်ကနေ ကုလားတန်အထက်ပိုင်းမှာ ပြေးတဲ့သူတွေလည်း ဝင်ခွင့်မပေးသေးဘူး။ နောက်အောက်ဘက်ကို ပြေးတဲ့သူတွေကိုလည်း ဝင်ခွင့်မပေးသေးဘူး။ ကျန်တဲ့သူတွေလည်း အခုလာရင်လည်း ဝင်ခွင့်မပေးသေးဘူး။ သူတို့အကြောင်းပြတာကတော့ မြို့ထဲမှာလူတွေများလာရင် ဗုံးကြဲတဲ့အခါမှာ အသေအပျောက်များမယ်၊ အဲ့ဒါကြောင့်မို့ ပြန်မလာသေးတာက ကောင်းတယ်လို့ပြောတယ်” ဟု အဆိုပါပလက်ဝမြို့ခံက ပြောသည်။

ပလက်၀မြို့ပေါ်တွင် အိမ်ထောင်စု ၁၇၀၀ ဝန်းကျင်ရှိပြီး လက်ရှိ၌ မြို့တွင်းနေထိုင်သည့် အိမ်ထောင်စု ၃၀၀ ခန့်သာရှိပြီး ၎င်းတို့သည်လည်း တိုက်ပွဲအတွင်းမတိမ်းရှောင်ပဲ ကျန်နေကြသူများနှင့် ပလက်ဝမြို့အနီးအနားတွင် ထွက်ပြေး တိမ်းရှောင်ကာ ပြန်လာကြသူများဖြစ်သည်ဟု ဆိုသည်။

ယခုလက်ရှိတွင် ပလက်ဝမြို့နယ်တခုလုံး ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကာ ဖုန်းပြောဆိုလိုပါက ပလက်၀မြို့မှ ၅ နာရီခန့် သွားရသော မီးဇာကျေးရွာဘက်သို့သော်လည်းကောင်း၊ ဖုန်းလိုင်းမိသည့် တောင်ကုန်းပေါ်သို့ တက်သွားရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရန်ကုန်မြို့ကို စစ်ဘေးရှောင်နေသောပလက်ဝမြို့ခံတဦးက “ဖုန်းလိုင်းရတာက သူတို့ခေါ်ခဲ့ရင်ရတယ်။တောင်ပေါ်ကနေ ဖုန်းလိုင်းမိတဲ့နေရာကနေပေါ့။ ကျွန်တော်တို့ဘက်နေ ခေါ်လို့မရသေးဘူး။ ပလက်ဝမြို့ပေါ်မှာ မရသေးဘူး၊အထက်ပိုင်း မီးဇာမှာတော့ရတယ်” ဟု ပြောသည်။

ပလက်ဝမြို့တွင် ဖုန်းလိုင်းပြတ်တောက်နေသည်မှာ ၂ လ နီးပါးခန့် ရှိလာသည့်အပြင် ပလက်ဝ-ကျောက်တော်ရေလမ်း၊ ကုန်လမ်းများ ပိတ်ထားဆဲဖြစ်ကာ ဒေသခံပြည်သူများသည် ဆန်အပါအဝင် အခြားအခြေခံ စားသောက်ကုန်များကို မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ဘက်မှ ဝယ်ယူစားသုံးနေကြရသည်ဟု သိရသည်။

ထိုကဲ့သို့ မီဇိုရမ်ပြည်နယ်ဘက်က ၀င်လာသည့် ကုန်စည်များကို ရက္ခိုင့်တပ်တော်က ရှင်းလက်၀ကျေးရွာတွင် ဂိတ်ဖွင့်ပြီး အခွန်ကောက်ခံနေသည်ဟု သတင်းများထွက်ပေါ်နေပြီး သီးခြားအတည်ပြု၍ မရသေးပေ။

ရက္ခိုင့်တပ်တော် AA သည် ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်၀သည် စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်ပြီဟု ထုတ်ပြန်ခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here