ပလက်ဝဒေသ တည်ငြိမ်နေသော်လည်း အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၂ နှစ်ကျော်ကြာမြင့်နေ

0
318
ပုံစာ - ပလက်ဝတွင် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၂ နှစ်ကျော်ကြာမြင့်။ (Photo- အင်တာနက်)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လက်ရှိကာလ၌ ဒေသတည်ငြိမ်နေပြီဖြစ်သော်လည်း စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ခံထားသည်မှာ ၂ နှစ်ကျော် ကြာလာပြီး ဆက်သွယ်ရေးအတွက် အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့ခံတစ်ဦးက “ အင်တာနက်ကသုံးလို့ မရသေးဘူး။ အရင်ကတည်းကဖြတ်ထားတာ။ ဖုန်းလိုင်းတွေ လည်း ပြတ်တောက် ပြတ်တောက်ပဲ။ ဆက်သွယ်ရတာ အဆင်မပြေဘူး။ တချို့က အိုင်ပီစတားနဲ့ အင်တာနက် သုံးကြတာ ရှိကြတယ်။ ဖုန်းနဲ့တော့ သုံးလို့မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှစတင်ပြီး စစ်ကောင်စီက ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ်တချို့တွင် အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နယ်မြေတည်ငြိမ်နေသည့်အတွက် အင်တာနက်လိုင်း အသုံးပြုခွင့်ကို အမြန်ဆုံးရစေချင် ကြောင်းလည်း အဆိုပါ ပလက်ဝမြို့ခံက ဆက်ပြောသည်။

“အင်တာနက်မရတော့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးက အစပေါ့။ အားလုံး အစစအရာရာ နောက်ကျ နေတယ်။ ဘယ်နေရာမှာ ဘာဖြစ်လို့ ဘာဖြစ်နေတယ် ဆိုတာကိုလဲ မသိရဘူးလေ။ အင်တာနက် အသုံးပြုလို့ ရရင်တော့ အဆင်ပြေတာပေါ့” ဟု ပြောသည်။

၂၀၁၉ ခုနှစ်တွင် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် မြန်မာစစ်တပ်က အင်တာနက်လိုင်းများကို ပထမအကြိမ် ၁ နှစ်ကျော် ဖြတ်တောက် ခဲ့သည်။

ယင်းနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးခဲ့ပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ယခုအချိန်အထိ စစ်ကောင်စီက အင်တာနက် လိုင်းများကို ဖြတ်တောက်ထားခြင်း ဖြစ်သည်။

ယင်းသို့ အင်တာနက် ဖြတ်တောက်ထားမှုကြောင့် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများကိုလည်း အင်တာနက်လိုင်းဖြင့် လွှဲ၍ မရဘဲ ဘဏ်များမှတဆင့် အချိန်အကုန်ခံကာ လွှဲပေးနေရသည်ဟု ကျောက်တော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“အင်တာနက်သုံးလို့ မရတော့ ငွေလွှဲ၊ ငွေပို့တဲ့ အခါကျရင် အခက်အခဲရှိတယ်။ K-payနဲ့ ပို့မရတော့ ဘဏ်ကပဲ လွှဲရတယ်။ ချက်ချင်းလွှဲ၊ ချက်ချင်းထုတ်ရမဲ့ငွေက ဘဏ်ကနေ သွားထုတ်နေရတော့ အချိန်အကြာကြီး နောက်ကျတာပေါ့။ အခက်ခဲတွေက အများကြီးပါ” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ နှစ်ရှည်လများ အင်တာနက်လိုင်း ဖြတ်တောက်ထားခြင်းမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို အားပေး ကာကွယ်ရာရောက်ပြီး အင်တာနက် ဖြစ်တောက်မှုကို လက်နက်တစ်ခုအဖြစ်လည်း စစ်ကောင်စီက အသုံးချနေသည်ဟု ဒေသခံများက ဝေဖန်မှုများ ရှိနေသည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here