ပလက်ဝတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

0
358

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက်၊ မနက် ၇ နာရီကျော်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် ၅ မိုင်ခန့်ကွာဝေးသော ဘားဝကျေးရွာတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက “ဘားဝမှာ စစ်တပ်စခန်းငယ်တစ်ခု ရှိတယ်။ အဲ့ဒီတပ်စခန်းကို PDF က ဝင်တိုက်တယ်လို့ ကြားတယ်။ မနက် ၇ နာရီကနေ တိုက်ပွဲဖြစ်တာ ဒီမနက် ၉ နာရီလောက်မှာ ငြိမ်သွားတယ်” ဟု ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုလည်း မသိရသေးဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားစဥ် ဘားဝကျေးရွာအတွင်း နေအိမ်အနီး၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံကလေးမိခင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားပြီး ဆမီးဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားရသည်ဟု ဆမီးဒေသခံများက ပြောသည်။

ဆမီးမြို့ခံ အမျိုးသားတစ်ဦးက “အဲဒီရွာက ကလေးအမေ အမျိုးသမီးတစ်ဦးတော့ တင်ပါးမှာ လက်နက်ကြီးကျည်စ ထိပါတယ်။ ဒဏ်ရာက သိပ်တော့မစိုးရိမ်ရပါဘူး။ လက်ရှိ ဆမီးမြို့ဆေးရုံမှာပါ” ဟု ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်မှာ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသေးဟုလည်း ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here