ပဋိပက္ခများကြောင့် ကော်သူးလေဒေသရှိ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်ဆုံးရှုံးနေ

0
299
ပုံစာ - စစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးသူငယ်တချို့။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ ပဋိပက္ခများကြောင့် ကျောင်းနေအရွယ် ကလေးများ၏ ပညာသင်ယူခွင့် ထိခိုက်ဆုံးရှုံးမှု ရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ၏ ပြောပြချက်အရ သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့် နယ်မြေများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများ ပျက်စီးမှုများ ရှိနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဒေသခံဦးရေ များပြားမှုနှင့် လိုအပ်ချက် ကြီးမားမှုကြောင့် စစ်ရှောင်ရာ နေရာများတွင် ကျောင်းနေအရွယ်ကလေးများ ပညာဆက်လက် သင်ယူနိုင်ခွင့် အလှမ်းဝေးနေသည်ဟု KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

“တောတွေ တောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ကလေးတွေဆိုရင် သင်ကြားပေးမယ့်ဆရာ မရှိတာတို့ သင်ထောက်ကူပစ္စည်း မရှိတာတို့ စတဲ့ လိုအပ်ချက်တွေရှိတော့ ပညာဆက်သင်နိုင်ဖို့က အလှမ်းဝေးနေတာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်း၊ မြေပြင် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများ ပျက်စီးခြင်း၊ ကျောင်းသူကျောင်းသားများ ထိခိုက်သေဆုံးခြင်း၊ ပညာဆက်လက် မသင်ယူနိုင်ခြင်းများသည် ကျောင်းသားလူငယ်များ၏ အနာဂတ်အရေးကို ထိခိုက်စေသော ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖြစ်ကြောင်းလည်း စောနန္ဒဆူးက ဆက်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီက စစ်ရေးအရ အသာစီးရနိုင်ရန် တိုက်ပွဲဖြစ်ပွား၍ စစ်ဘေးရှောင်ရသော ဒေသခံများ၏ နေအိမ်များ၊ စာသင်ကျောင်းများအတွင်း တပ်စွဲနေထိုင်သဖြင့် ဒေသခံများ နေရပ်မပြန်နိုင်ကြဘဲ ကာလကြာရှည် လာသောအခါ စားဝတ်နေရေး ခက်ခဲပြီး မိမိတို့သားသမီးများ ကျောင်းဆက်တက်နိုင်ရေးမှာ အခက်အခဲရှိကြောင်း သံတောင်ကြီးမြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာမှာ စစ်တပ်ရှိနေလို့ ကျမတို့ အိမ်မပြန်နိုင်တာကြာပြီ။ ကျမကတော့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ဖြေရှင်းပြီး ကျမကလေးတွေကို ပညာရေး မနှောင့်နှေးအောင် ရောက်တဲ့အရပ်မှာ ကျောင်းဆက်တက်ခိုင်းတယ်။ ကျမတို့ရွာက စစ်ရှောင်လာတဲ့ ကလေးတွေထဲမှာ သုံးပုံ၁ပုံကျော်လောက်ပဲ ကျောင်းဆက်တက်နိုင်တာ။ ကျန်တဲ့ကလေးတွေဆို ငွေကြေးမတက်နိုင်လို့ ကျောင်းမတက်ရဘူး” ဟု အဆိုပါစစ်ရှောင်အမျိုးသမီးက ပြောသည်။

အလားတူ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများတွင် ကလေးငယ်များ ပါဝင်မှု များပြားပြီး၊ စစ်ရှောင်များကို ထောက်ပံပေးကြရာတွင် စားဝတ်နေရေး အတွက်သာ ဦးစားပေး ကူညီပံ့ပိုးမှု ရှိသော်လည်း စစ်ရှောင်ကလေးများ၏ ပညာရေးအတွက် အကူအညီရရှိမှုက နည်းပါးကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

ထို့အတူ အာဏာသိမ်းခံရပြီး စစ်အုပ်ချုပ်မှု နောက်ပိုင်းတွင် မြန်မာအစိုးရကျောင်းများမှ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD ကျောင်းများတွင် ပညာသင်ယူလာကြသည့် ကျောင်းသားဦးရေ ပိုမိုများပြားလာပြီး နယ်မြေမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းစာသင်ကျောင်းနှင့် ဒုက္ခသည်စခန်းများသို့ ယခုပညာသင်နှစ်အတွင်း ပြောင်းရွှေ့သွားသော ကျောင်းသားတချို့ ရှိကြောင်း KECD က ပြောဆိုထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here