ပင်လောင်းတွင် အရပ်သားပိုင်ကားများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ချောဆွဲ

0
141

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) က အရပ်သားပိုင်ကားများကို ချောဆွဲအသုံးပြုနေပြီး အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကျူးလွန်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း ပင်လောင်းမြို့နယ်ရှိ တောင်လေး၊ ဝိုင်းလီး၊ လိန်းညား၊ ပင်ခွန် စသည့် ကျေးရွာများမှ အိမ်စီးကားများကို ချောဆွဲ၍ ဆီဆိုင်မြို့နယ်နှင့် ကရင်နီပြည်ရှိ တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ ပို့ဆောင် နေခြင်းဖြစ်သည်ဟု ယာဉ်ပိုင်ရှင်နှင့် နီးစပ်သူများက ပြောသည်။

“ကားပဲ တောင်းတာ လူမပါဘူး။ ကားပိုင်ရှင်တွေက ကားပြန်မရမှာစိုးလို့ လိုက်သွားတာ။ စိတ်မချရဘူးလေ။ ခဏသုံးမယ်ဆိုပြီး ပြန်မရတာလည်းများပြီ။ အခုလည်း ကားပိုင်ရှင်တွေ လိုက်သွားတာ ၃၊ ၄ ရက်ရှိပြီ အဆက်သွယ် မရသေးဘူး” ဟု ယာဉ်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလားတူ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ စံကားမြို့အနီး၊ ထီရီးကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များက အရပ်သားကားများကို အသုံးပြု၍ ဘိလပ်မြေ၊ ထုံးနှင့် သဲအိတ်များ သယ်ဆောင်ပြီး ခံစစ်ပြင်ဆင်နေသည်ဟု ၎င်းတို့က ပြောသည်။

ထို့အပြင် ကျေးရွာပြည်သူများအား ကတုတ်ကျင်းတူးရန် လုပ်အားပေးခေါ်ယူခြင်း၊ မလိုက်နိုင်သူများအား ငွေကြေး ကောက်ခံခြင်း၊ ကျေးရွာများရှိ အိမ်ဆောက်ပစ္စည်းဆိုင်များမှ လိုအပ်သည့်ပစ္စည်းများကို အဓမ္မသိမ်းယူခြင်းတို့ကို ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။

ထီရီးကျေးရွာနေ အမျိုးသမီးတစ်ဦးက “ဆာလာအိတ် တစ်အိမ် ၂ လုံး ပေးရတယ်။ သဲထည့်ဖို့လို့ ပြောတယ်။ မရှိတဲ့အိမ်က ပိုက်ဆံပေးရတယ်။ ယောက်ကျားလေးဆိုရင် ရှိသလောက် အကုန်ထွက်ရတယ်” ဟု ပြောသည်။

ပင်လောင်းနှင့် ညောင်ရွှေရှိ ကျေးရွာများတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် အသားဟင်းဖြင့် ထမင်း ထုပ်များ နေ့စဉ်ပို့ပေးနေရပြီး ဟင်းမကောင်းသည့် အိမ်များအား ဒဏ်ရိုက်ခြင်း၊ ခေါ်ယူသတိပေးခြင်းများ လုပ်ဆောင်သည်ဟု ဆိုသည်။

ကျေးရွာနေပြည်သူများမှာ အဆိုပါ ကုန်ကျစားရိတ်များအတွက် လိုအပ်သည့်ငွေကြေးရရှိစေရန် ချေးငှားပေါင်နှံ ရောင်းချ၍ ဖြေရှင်းနေရသည်ဟုလည်း ဒေသခံများက ပြောပါသည်။

စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်များသည် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ အင်းလေးဒေသရှိ နန့်တုတ်၊ ဟိုပန်၊ ရေပူ၊ နန့်ပွန် စသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများနှင့် ပစ်ခတ်နေတာကြောင့် ကျေးရွာနေပြည်သူ တစ်ထောင်ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here