မွန်ပြည်နယ်ကမ်းရိုးတမ်းတလျှောက် အလုပ်လုပ်ကိုင်နေသည့် ပင်လယ်ရေလုပ်သားတို့ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး အသက်သေဆုံးမှု ထပ်တိုးရှိနေသော်လည်း ရေလုပ်ငန်းရှင်တို့က ထုတ်ဖော်ပြောဆိုခြင်းမပြုသည့်အပြင် စစ်ကောင်စီကျန်းမာရေးအဖွဲ့တို့က ထိထိရောက်ရောက်စစ်ဆေးမှုမရှိဟု သိရသည်။
ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့သည့် ကျိုက်ခမီမြို့တွင် ရေလုပ်သား ၆ ဦး သေဆုံးခဲ့သည်ဆိုသော်လည်း ပင်လယ်ပြင်တွင် ရေလုပ်သားတို့ မကြာခဏသေဆုံးနေမှုကို လုပ်ငန်းရှင်တို့က ထုတ်ဖော်ပြောဆိုခြင်းမပြုသည့်အပြင် စစ်ကောင်စီ ကျန်းမာရေးအဖွဲ့တို့က ထိထိရောက်ရောက် စစ်ဆေးခြင်းမရှိဟု ရေလုပ်ငန်းနှင့်နီးစပ်သူများက ပြောသည်။
သေဆုံးသူအလုပ်သမားတို့သည် တရားမဝင် လိုင်စင်မဲ့လှေလုပ်သားတို့ ဖြစ်သည့်အပြင် လုပ်ငန်းအကျိုးစီးပွား ဆုံးရှုံးနစ်နာမှု မရှိလိုခြင်းကြောင့် လုပ်ငန်းရှင်တို့က သတင်းပိတ်ဆို့ထားသည်ဟု ကျိုက်ခမီရေလုပ်ငန်းရှင်တို့နှင့် နီးစပ်သူ သံဖြူဇရပ်မြို့ခံတစ်ဦးက ဆိုသည်။
“လိုင်စင်မဲ့လှေတွေမှာ သေတာတွေက ရှိတယ်။ လိုင်စင်မဲ့လှေမှာလိုက်ရင် လူကိုပြစရာ မလိုတော့ဘူးလေ။ ဒီလူသည် သေသေရှင်ရှင် ဘာမှပြောစရာ မလိုတော့ဘူး။ လွဲနေတာပေါ့ဗျာ၊ ဖုံးချင်ဖိချင်နေတာတွေများနေတော့ လုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွား မထိခိုက်ချင်ဘူးလေ” ဟု ၎င်းက ပြောသည်။
စုစည်းထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် စက်တင်ဘာလကစ၍ မွန်ပြည်နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောကြောင့် အသက်သေဆုံးခဲ့သည့် ရေလုပ်သား ၇ ဦးထိရှိခဲ့ပြီး ပင်လယ်ပြင်အတွင်း သေဆုံးခဲ့သည့် ရေလုပ်သားတို့ကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။
ဝမ်းပျက်ဝမ်းလျှော ကူးစက်ခံနေရသည့် ရေလုပ်သားနှင့် မိသားစုဝင်များသည် လက်ရှိအချိန်အထိ ကာကွယ်ရေးနှင့်ကုသမှု အလုံအလောက်မရရှိသည့်အပြင် ပင်လယ်ပြင်မှသေဆုံးလာသည့် ရေလုပ်သားတို့ကိုလည်း စည်းစနစ်တကျ မြေမြှပ်မီးရှို့မှု မလုပ်ဆောင်ကြောင်း ရေးမြို့မှ ရေလုပ်သားနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“အရင်က ကျိုက်ခမီမှာ Lock down ခတ်ထားတော့ ပင်လယ်ကနေ သေဆုံးလာတဲ့ လူနာတွေကို ဓမင်းဆိပ်ကနေပဲ တက်လာတယ်၊ အဲ့မှာပဲ လုပ်ကြတာပေါ့။ နောက်ပိုင်း ရွာကလူတွေလည်း လက်မခံချင်တော့ဘူးလေ၊ သေချာစိစစ်ပေးချင်တယ်ပေါ့” ၎င်းကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ သံဖြူဇရပ်မြိုနယ်ရှိ ကျိုက်ခမီမြို့၊ ရေးမြို့နယ်ရှိ အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းမှ ရေလုပ်သားတို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ပေါင်မြို့နယ် ဝဲပတန်နှင့် အလှပ်ရွာမှ ရေလုပ်သား ၅၀ ကျော် ဆေးရုံတွင် ဆေးကုသမှုခံနေရသည်ဟု သိရသည်။
စနစ်တကျ ကာကွယ်ကုသပေးမှု မရှိခြင်းကြောင့် ရေလုပ်ငန်းနှင့်နီးစပ်သည့် မြို့ခံရွာခံတို့အထိ ရောဂါကူးစက်ခံရမှုရှိနေပြီး နာတာရှည်ရောဂါအခံရှိသူများ နောက်ဆွဲအနေဖြင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားလာနေသည်ဟု သက်ဆိုင်ရာနယ်ခံ လူမှုကူညီရေးအဖွဲ့တို့ ပြောဆိုမှုအရ သိရသည်။
မွန်ပြည်နယ်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းရှိ ကမ်းရိုးတန်းတလျှောက်တွင် အလုပ်လုပ်ကိုင်နေကြသည့် ပင်လယ်ရေလုပ်သားတို့တွင် ယနေ့ထိ ဝမ်းပျက်ဝမ်းလျောရောဂါ ဆက်လက်ကူးစက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
IMNA ပေးပို့သည်။