ပခုက္ကူက စစ်ရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

0
328
ပုံစာ - ပခုက္ကူမှစစ်ရှောင်တချို့။ (Photo-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကို စစ်ကောင်စီယာဉ်တန်း စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ပခုက္ကူ ပ.အ.ဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယောဒေသက ပြန်လာသည့် အစီးရေ ၇၀ ကျော်ပါ စစ်ကောင်စီရဲ့ယာဉ်တန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဟာ လမ်းတလျှောက်က ကျေးရွာတွေကိုမွှေနှောက် မီးရှို့ဖျက်ဆီး တာကြောင့် အထက်ပါကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ အဆိုပါတာဝန်ရှိသူက ပြောသည်။

“ယောဘက်ကနေ ပြန်လာတဲ့ ဓားစာခံ ပြည်သူတွေနဲ့အတူတူ တင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းက ဇီးကုန်းဘက်က ပျူနဲ့ စစ်သားနဲ့ပေါင်းပြီး ချောင်းခွနဲ့ ဖလံအိုရွာကို မီးရှို့ပြီးတော့ ကမ္မဘက်ကို တက်တယ်။ ကမ္မဘက်မှာ စခန်းချပြီးမှ ခုလက်ရှိ ရှိနေတယ်။ ယာဉ်တန်းမှာပါလာတဲ့ ရှေ့ပြေးနဲ့ စစ်သားတွေက မနေ့ည ကတည်းက ရပ်ကွက်တစ်ခုမှာ ချက်ပြုတ်စားသောက်နေတယ်ဗျ” လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးသွားတဲ့ ချောင်းခွနဲ့ ဖလံအို ကျေးရွာရဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောသည်။

ယာဉ်တန်းသွားရာ လမ်းတလျှောက်ရှိ ကျေးရွာ ၆ ရွာက လူ ၁၆၀၀ ကျော်မှာ စစ်ဘေးရှောင်နေရပြီး ကျေးရွာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစောင့်ရှောက်ထားရတယ်လို့ သိရသည်။

လက်ရှိအချိန်၌ စစ်ကောင်စီယာဉ်တန်းဟာ ပခုက္ကူမြို့နယ်ထဲမှာပင်ရှိနေသေးပြီး စစ်ကြောင်းလည်းထိုးနေသလို ကမ္မမြို့အနောက်ဘက်ကနေ ယာဉ်တန်းကိုကြိုမယ့် ပျူစောထီးများက ကမ္မမြို့အနောက်ဘက်သို့ ထွက်ခွာသွားတယ်လို့ ဒေသခံများထံမှ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here