မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းရှိ ပခုက္ကူ GTC ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်များက အမေများနေ့အထိမ်းအမှတ်အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၉ နာရီလောက်က ထိုစစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
GTC ကျောင်းဝန်းအတွင်းမှာရှိ ရေစင်ကို ရေစက်အပိတ်အဖွင့်လာလုပ်သည့် စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးလုံးသေဆုံးသွားတယ်လို့ Southern YSO PDF က ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုက ယုံကြည်အားကိုးရတဲ့ PDF သားကောင်းတွေဖြစ်အောင် ကြိုးစားနေ ပါတယ်” လို့ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့် Southern YSO PDF တာဝန်ခံကိုအောင်မောင်းက ပြောဆိုသည်။
ယင်းအပြင် ပြည်သူများအနေနဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နိုင်အောင် အဘက်ဘက်က ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။
သေဆုံးသွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးရဲ့ ရုပ်အလောင်းများကို ပခုက္ကူမြို့နယ် ဆေးရုံးကြီးကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောသည်။
ပခုက္ကူမြို့တွင် စစ်ကောင်စီလူကြီးလမ်းကြောင်း ရှိနေတာကြောင့် ထိုသို့တိုက်ခိုက်ခံထားရပေမယ့် အခုချိန်ထိ စစ်ရေးလှုပ်ရှားမှု မရှိသေးကြောင်း တော်လှန်ရေးတပ်တွေက အသိပေးပြောဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။