နောင်ချို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ရွာလုံးကျွတ်ထွက်ပြေးရ

0
281
ပုံစာ - နောင်ချို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းတစ်ကျောင်း။

သျှမ်းပြည်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများအတွင်း အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီကျော်က သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်ကြားရှိ သရက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦးနှင့် ဦးပဉ္ဇင်းတစ်ပါး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း နောင်ချိုမြို့နယ် ဒေသခံများက ပြောသည်။

“မနေ့ (ဧပြီ ၂၁ ရက်) က လေယာဉ်နဲ့ဗုံးကြဲတာ ကျွဲနှစ်ကောင်နဲ့ အသက် ၂၀ ကျော်အရွယ် ယောကျ်ားလေး ၁ ယောက်သေတယ်။ သပြေကုန်းက အမျိုးသမီး အသက် ၃၀ အောက် ၂ ယောက် သေတယ်။ ၂၀ ရက်နေ့က သရက်ကုန်းဘုန်းကြီးကျောင်း မီးလောင်ပြီးတော့ ဦးပဉ္ဇင်းတစ်ပါး ပျံလွန်သွားတယ်” ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ကို မန္တလေး-PDF တပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးသော နောင်ချိုမြို့နယ် အစပ်ရှိ သရက်ကုန်းကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၅ ရက်တွင် သိမ်းဆည်းနိုင်ခဲ့သည်။

ယင်းနောက် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA/DSTA နှင့် ညောင်ကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်လာရာ သရက်ကုန်း၊ ဇာလီနှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးပြီး ညောင်တုန်းကျေးရွာလည်း ရွာလုံးကျွတ် နေအိမ်များပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထို့အပြင် သရက်ကုန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာကျော်မှ ရွာခံပြည်သူ ၃၀၀၀ ကျော်မှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေ ကိုယ်လွတ်ရုန်းပြီး ထွက်လာရတော့ ဘုန်းကြီးကျောင်းတွေမှာ တည်းနေတာရှိတယ်။ တချို့လဲ တဲထိုးပြီး နေတာရှိတယ်။ တစ်ရွာလုံး ထွက်ပြေးရတော့ အစားအသောက်ခက်ခဲတယ်။ တော်တော် ဒုက္ခရောက်တယ်။ လက်နက်ကြီးလည်း အဆက်မပြတ် ပစ်နေတော့ မီးခိုးလုံးတွေ တလိပ်လိပ်တက်တာတောင် မြင်ရတယ်” ဟု နောင်ချိုမြိုခံအမျိုးသားက ပြောပါသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ်အတွင်း သရက်ကုန်း၊ ကံ့ကော်၊ ဇာလီ ဖြူကြောင်၊ ပန်ခံ၊ နားပျန်၊ ညောင်ကုန်း၊ ပါဟက်၊ ဆီဆုံ စသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော်သည် ဘန့်ဘွေး၊ ခြေမြစ်ပင်၊ အင်းဝိုင်း၊ ကုန်းလုံ၊ ကုန်းသာ စသည့် ဘေးလွတ်ရာရှိ ကျေးရွာဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“မနေ့တုန်းက ဆမ္မဆယ်ကနေလှမ်းကြည့်တာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဆက်တိုက်ကို ဗုံးလာကြဲတာ။ ၂၀ ရက်ကစပြီး လေယာဉ်နဲ့ နေ့တိုင်းလာပစ်တာ နေ့ရော ညေ မနားဘူး။ မော်တာ စက်သေနတ်နဲ့ ပစ်လိုက်၊ လေယာဉ်နဲ့ ထပ်လာပစ်လိုက် ၁ မိနစ်ကို ၁၅ လုံးလောက်ကို ကျနေတာ။ ပစ်မှတ်က သရက်ကုန်း၊ ကံ့ကော်၊ ဆမ္မဆယ်၊ ဇာလီ ဒီရွာတွေကို တော်တော်ဖျက်ချင်နေတာ” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပြင်ဦးလွင်စစ်တက္ကသိုလ်ကို မန္တလေးတိုင်း (ပကဖ) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့ပေါ်နှင့် အဝင်/အထွက်လမ်းမကြီးများတွင် စစ်ကောင်စီတပ်က လုံခြုံရေး စစ်ဆေးတင်းကြပ်လျက်ရှိပြီး မြို့ပတ်လည်တွင်လည်း စစ်အင်အား တိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here