နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” ဖွဲ့စည်းကြောင်း ချင်းလဲန်းကောင်စီညီလာခံ မတက်ရောက်သည့် ၃ ဖွဲ့ကြေညာ

0
325
ပုံစာ -“ချင်းညီနောင်” ဖွဲ့စည်းကြောင်းကြေညာချက်။

ချင်းပြည်နှင့် ချင်းအမျိုးသားအရေးတွင် နိုင်ငံရေး၊ စစ်ရေးများကို ပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” မဟာမိတ်အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က ဖွဲ့စည်းလိုက်ကြောင်း ချင်းလန်းကောင်စီညီလာခံ မတက်ရောက်သည့် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့က ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။

Zomi Federal Union (ZFU)/ PDF-Zoland၊ Chin National Organization (CNO/CNDF) နှင့် Chin National Council (Mindat)/ CDF- Mindat (၃) ဖွဲ့ တို့သည် ချင်းပြည်လုံးဆိုင်ရာ ကိစ္စရပ်များနှင့် ချင်းတမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် “ချင်းညီနောင်” ဘုံသဘောတူညီချက်ဖြင့်သာ ပူးပေါင်းပါဝင်ကြမည်ဟု ယင်းအဖွဲ့ ၃ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခြင်း ဖြစ်သည်။

“ချင်းညီနောင်” မှ တစ်ဖွဲ့ ဖွဲ့အား နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မတော်မတရား ကျူးကျော်ထိပါးလာပါက အတူတကွ ပူးပေါင်းရင်ဆိုင် တွန်းလှန်တုံ့ပြန်သွားမည်ဟု ယင်းအဖွဲ့တို့က သဘောတူထားကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

“ချင်းညီနောင်”၏ ဘုံသဘောတူညီချက်နှင့် ကိုက်ညီသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံးအရေးနှင့် ပြည်ထောင်စုကိစ္စများတွင် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၆ ရက်က CNF/CNA ဗဟိုဌာနချုပ်တွင် CNF/CNA အစုအဖွဲ့၊ CDF ၁၄ ဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တချို့ သည် ချင်းလဲန်းကောင်စီညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။

ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့သည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေး မရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း တွေ့ရှိရသည်ဟုဆိုကာ ချင်းလဲန်းကောင်စီညီလာခံကို မတက်ရောက်ခဲ့ပါ။

ဒီဇင်ဘာလလယ်ပိုင်းတွင် ချင်းလဲန်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Chinland Joint Defense Committee- CJDC) ကို အပြီးသတ် ဖျက်သိမ်းပြီးနောက် လက်ရှိတွင် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့က “ချင်းညီနောင်”အဖြစ် စစ်ရေးနှင့် နိုင်ငံရေးတို့တွင် မဟာမိတ်များအဖြစ် ဖွဲ့လာခြင်း ဖြစ်သည်။

“ချင်းညီနောင်” အဖွဲ့သည် ချင်းနိုင်ငံရေးကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းဖြင့် ဆက်သွားနိုင်ရန် ဆွေးနွေးနေပြီး လက်ရှိတွင် ICNCC ၏ လိုအပ်ချက်များကို ဖြည့်စွက်၍ ပြင်ဆင်ဖွဲ့စည်းနေသည်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here