နာဂဒေသ၊ လဟယ်တွင် ဆေးဝါးအများစု ပြတ်လပ်နေ

0
146
ပုံစာ - နာဂဒေသ၊ လဟယ် မြို့၀င်/မြို့ထွက်စစ်ဆေးရေးဂိတ် (ပုံဟောင်းဖြစ်သည်)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး ဆေးဝါးအများစု ပြတ်လပ်နေသည်ဟု နာဂဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေသူများနှင့် ဒေသခံများက ပြောသည်။

နာဂဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “နာဂဒေသ ဆိုင်တိုင်းလိုလို ဈေးတက် နေတာ ဆေးလည်း ဆိုင်တိုင်း မရတော့ဘူး။ တော်တော်ပျက်နေတာ၊ အထူးသဖြင့် ပိုးသတ်ဆေးလိုမျိုးပေါ့။ အဓိက နာတာရှည်နဲ့ အနာဖြစ်တဲ့သူအတွက်ပေါ့” ဟု ပြောသည်။

ဆေးများကို ဝယ်ယူရာ၌လည်း စျေးနှုန်းအဆမတန် မြင့်တက်သွားသည်ဟု လဟယ်မြို့ဒေသခံတစ်ဦးက အခုလိုပြောသည်။

“တချို့ဆိုင်တွေမှာ ၄၅၀၀, ၅၀၀၀ အဲလို ပေးဝယ်ရတယ်။ ပါရာစီတမောပေါ့နော် ၁၀ လုံးကပ်ကိုလေ၊ အကုန် တက်တယ်။ အကျဆိုလို့ တစ်ခုပဲရှိတယ် စိတ်ဓာတ်ပဲ၊ ဈေးကတော့ ခုန်တက်တာလို့ပဲ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

လဟယ်မြို့နယ်သည် ဆေးပစ္စည်းများနှင့် အခြေခံစားသုံးကုန်များအား စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့တို့မှ အဓိကအားထားကာ ဝယ်ယူကြရခြင်း ဖြစ်သည်။

လက်ရှိတွင် ချင်းတွင်းမြစ် ရေကြောင်းလမ်းကို စစ်ကောင်စီက ပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ခြင်းနှင့် ပစ္စည်းများ ပြတ်လပ်ခြင်းများ ရှိလာသည်ဟု ဒေသခံများက ပြောဆိုသည်။

လဟယ်မြို့၏ ပြည်သူ့ဆေးရုံတွင်လည်း ဆေးဝါးများ ပြတ်လပ်နေပြီး ဆေးဆိုင်တိုင်းတွင်လည်း လိုချင်သည့်ဆေးဝါးများ ဝယ်ယူ၍မရသည့် အခြေအေနေတွင် ရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူ့ဆေးရုံမှာ ပြဿနာတခုက ဆေးမရှိဘူး ဆရာဝန်ရှိတယ်။ အပြင်ဆေးခန်းတွေ ရှိတယ်။ ဆေးခန်းမှာ တွေကလည်း ဆေးမရှိဘူး။ တခါတလေ ခေါင်းမူးအောင် ရှာရတာပေါ့။ ကျနော်လည်း သမီးဆေးရုံတက်လိုက် ရတယ်၊ ဆေးက တစ်မြို့လုံး လိုက်ရှာလိုက်ရတယ်။ မရှိဘူးပေါ့၊ တော်တော်လေး ခက်သွားတယ်” ဟု ၎င်းက ပြောသည်။

လဟယ်မြို့တွင် ယခင်က ပါရာစီတမောတစ်ကပ် ၅၀၀ ကျပ်ကို ယခုတွင် ၅,၀၀၀ ကျပ်အထိ၊ HD SD ဆေးပုလင်းကြီးတစ်လုံးကို ယခင်က ၂,၅၀၀ ကျပ်မှ ယခု ၁၀,၀၀၀ ကျပ်အထိ၊ သွေးဖောက်သည့် ဓားတစ်ခုလျှင် ၁,၅၀၀ ကျပ်အထိ ပေးဝယ်နေရသည်ဟု အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

ဆေးရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများအပြင် ဆေးရောင်းဝယ်သည့် ဆေးဆိုင်များ ဈေးကစားမှုကြောင့်လည်း ဈေးကြီးပေးဝယ်နေရခြင်းဖြစ်ကြောင်း လဟယ်မြို့နယ်က ကျန်းမာရေးဆရာမတစ်ဦးက ဆိုသည်။

“ရန်ကုန်မှာ ရွှေဈေး၊ ဒေါ်လာဈေးတက်ရင် လဟယ်မှာလည်း တက်သွားတာပဲလေ။ ဈေးဆိုင်တွေကို ထိန်းချုပ် ကွပ်ကဲတဲ့လူမှ မရှိတာကိုး။ ဒါကြောင့် ဆိုင်သမားတွေက ကြိုက်သလိုတင်ရောင်းတော့ ပြည်သူတွေက ဖြစ်ပြီဆိုရင် ဝယ်ရတော့တာပဲလေ” ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နာဂဒေသ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် ငှက်ဖျားဖြစ်ပွားမှုနှုန်းလည်း တိုးပွားလာနေပြီး ဆေးဝါးလုံလောက်မှု မရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းများ မရှိခြင်းတို့နှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

လဟယ်မြို့သည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသစီမံရုံးစိုက်ရာမြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here