နမ္မတီး-လဝါး လမ်းပိုင်းတွင် ခရီးသွားများအား ဖမ်းဆီးစစ်ဆေးတင်းကြပ်မှုများရှိနေ

0
332
ပုံစာ - မရန်ကထောင်စစ်ဆေးရေးဂိတ် (ပုံဟောင်းဖြစ်သည်)

ကချင်ပြည်၊ မိုးကောင်းမြို့နယ် နမ္မတီးမှ ဖားကန့်မြို့နယ်အတွင်းရှိ လဝါးသို့ သွားသောလမ်းပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်ဟု ဒေသခံများနှင့် ခရီးသွားပြည်သူများက ပြောသည်။

နမ္မတီး – လဝါး ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်ရှိ မရန်ကထောင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ အား တားဆီးစစ်ဆေးမှုများ တင်းကြပ်ထားသည့်အပြင် လူငယ် ၆ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ၎င်းတို့က ပြောသည်။

ခရီးသွားပြည်သူတစ်ဦးက “၁၉ ရက်နေ့က ဖမ်းခံရတာလည်းရှိတယ်။ အဲ့နေ့ကတော့ ကျနော်စီးတဲ့ကားဆရာ ပြောတာ ၃ ယောက် အဖမ်းခံရတယ်တဲ့။ နောက်ပြီး ရှေ့ ၃ ရက် လောက်ကလည်း သုံးလေးယောက် အဖမ်းခံ ရတာ ရှိတယ်တဲ့။ မရန်ကထောင်ဂိတ်မှာ ဖမ်းတာပါ။ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့ လောက်ကစပြီး စစ်ဆေးတာ တော်တော်ဆိုးတယ်။ မှတ်ပုံတင်ပြရုံတင်မကဘူး အသေးစိတ်မေးတယ်။ ယောက်ကျားလေးတွေဆို ပိုစစ်တယ်” ဟု ပြောသည်။

ခရီးသွားလူငယ် ၃ ဦးအား မရန်ကထောင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခဲ့ သည်ဟု ဆိုသည်။ သို့သော် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးထားကြောင်းကို မသိရသေးပေ။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း ထိုမရန်ကထောင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားအမျိုးသား လူငယ် ၄ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းယာဉ်လိုင်းပြေးဆွဲနေသော ယာဉ်မောင်း ကားဆရာများနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

ယင်းလူငယ် ၄ ဦးနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေကိုလည်း ယနေ့အချိန်ထိ မသိရသေးဘူးဟု ဒေသတွင်း သွားလာလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

“စစ်တပ်ရော၊ ရှမ်းနီရော အစုံပဲ။ ပြည်သူ့စစ်အဖွဲ့တွေလည်း ထိုင်တယ်။ တချို့ဂိတ်တွေမှာ သူတို့က စုပေါင်းထိုင်တယ်။ တချို့နေရာမှာတော့ စစ်တပ်ပဲ ထိုင်ထားတယ်။ အခုက တော်တော်လေးကို အစစ်အဆေးများနေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကချင်ပြည်နယ်ဘက် အတက်ဆိုပါက မှတ်ပုံတင်ကို စစ်ဆေးပြီး ကချင်ပြည်နယ် မှတ်ပုံတင်များကိုသာ ခရီးဆက်သွားခိုင်းကြောင်း အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

“ကချင်ပြည်အတက်ဆိုရင် မှတ်ပုံတင်ကိုကြည့်ပြီး တစ်မျဉ်းစောင်း (၁/) ဆိုရင်တော့ နည်းနည်းပါးပါးမေးပြီး ပြန်လွှတ်တယ်။ ကျန်တဲ့ မျဉ်းစောင်းတွေကတော့ ဖမ်းခံရတာများတယ်။ တချို့လည်း ပိုက်ဆံသိန်းချီ ပေးရတယ်။ တချို့လည်း အဖမ်းခံရတယ်။ တချို့ကိုတော့ ဂိတ်ကနေ လှည့်ပြန်ခိုင်းတယ် အမျိုးမျိုးပေါ့။ ဒီကောင်တွေ ကြိုက်သလို လုပ်နေကြတာ” ဟု ၎င်းက ဆိုသည်။

ဒေသတွင်း ယာဉ်လိုင်းပြေးဆွဲနေသော ယာဉ်မောင်းကားဆရာများ၏ ပြောပြချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ထိုသို့စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည်ဟု သိရသည်။

ထို့အပြင် ဖားကန့်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ကောင်စီတပ်၊ ရှမ်းနီ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက ခရီးသည်တင်ကားများကို စစ်ဆေးခြင်း၊ ခရီးသည်များအနေဖြင့် ဖားကန့်တွင် နေထိုင်သော ထောက်ခံစာများပါမှသာ ခရီးဆက်ခွင့် သွားလာခွင့်ပြုသည်ဟု ကားဆရာများက ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း အင်းတော်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ ခရီးသွားပြည်သူများအား မှတ်ပုံတင်ကိုင် လမ်းဆင်းလျှောက်ခိုင်းပြီး စစ်ဆေးနေသည်ဟု Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here