သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA တပ်အကြား တိုက်ပွဲ ပြင်းထန်နေပြီး နမ့်ဖတ်ကာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၄ ဦး လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
နမ့်ဖတ်ကာ စစ်ကောင်စီတပ် ခလရ ၁၂၃ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဇီးဒဗန် ရပ်ကွက်မှ နေအိမ်တစ်အိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကလေးငယ်အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
နမ့်ဖတ်ကာဒေသခံတစ်ဦးက “၅ နာရီလောက်နေ ၈ နာရီထိ ပစ်နေကြပြီး ခဏတော့ ပြန်ငြိမ်နေပြီ။ နမ့်ဖတ်ကာ စစ်တပ်တွေ လက်နက်ကြီး အကုန်ပစ်တာကြောင့် ရွာသားအိမ်မှာ လာကျပြီး အိမ်သားတချို့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်။ အခုတော့ ကွတ်ခိုင်ဆေးရုံကို ရောက်နေပြီ” ဟု ပြောသည်။
ဇူလိုင် ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်က နမ့်ဖတ်ကာအထက်ပိုင်း ဟိုမုန်ကျေးရွာ ကောင်ရာတောင်ကုန်း (Kawngra Bum) ပေါ်၌ စစ်ကောင်စီ တပ်မ ၈၈ နဲ့ ခလရ ၁၂၃ ပူးပေါင်းတပ်ဖွဲ့ အင်အား ၈၀ နီးပါး ရှိနေစဉ် KIA တပ်ရင်း ၉ က သွားရောက်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားလာတာဖြစ်ကြောင်း ဒေသခံများကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် အသက် ၄၈ နှစ်အရွယ် ဒေါ်ကဒူခေါန်နန်၏ ရင်၀တွင် ထိခိုက်ဒဏ်ရာရရှိပြီး၊ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်နော်ပါနှင့် မြေးဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်ဘရန်ဆန်အောင် တို့လည်း ထိခိုက်ဒဏ်ရာပြင်းထန်ပြီး လက်ရှိတွင် ၎င်းတို့ကို ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။
“ညနေ ၅ နာရီ ကတည်းက အကုန်ပစ်ကြတာ၊ နမ့်အွမ်ရွာ သစ်တောထဲ ရှိနေကြတဲ့ စစ်ကြောင်းနဲ့ ကောင်ရာ တောင်ကုန်းမှာရှိနေတဲ့ စစ်ကြောင်းတွေကို KIA/ PDF တွေ သွားတိုက်တာ၊ နမ့်ဖတ်ကာ ခလရ ၁၂၃ စစ်တပ် ကနေလည်း လက်နက်ကြီးအကုန် ပစ်ပေးနေတယ်” ဟု ကွတ်ခိုင်ဒေသခံ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီစစ်ကြောင်းများက နမ့်ဖတ်ကာကျေးရွာတွေထဲ လှည့်လည် စောင့်ကြည့် လှုပ်ရှား သွားလာနေတဲ့အတွက် ဒေသခံရွာသားများကြား စိုးရိမ်နေရတယ်လို့ နမ်ဖတ်ကာဒေသခံတွေက ပြောသည်။
ကွတ်ခိုင် – နမ့်ဖတ်ကာကြားရှိ နေရာ ၃ နေရာတွင် စစ်ကောင်စီစစ်ကြောင်းများ အင်းအားဖြည့်တင်း ထိုးစစ်ဆင်နေတာကြောင့် KIA တပ်မဟာ ၆ တပ်ရင်း ၉ နှင့် တပ်မဟာ ၄ တပ်ရင်း ၈ တို့နှင့် တိုက်ပွဲအခြေအနေ တင်းမာလျက်ရှိနေသည်မှာ ၂ ပတ်ခန့် ကြာလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုသည်။
KNG