
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
“ဒီမနက် ပြန်လွတ်လာတာပေါ့။ အမိန့်ချခံရတာ ၃ နှစ် လေ၊ လွတ်ရက်စေ့လို့ လွတ်လာတာပါ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်တပ်အာဏာရယူပြီး နောက်ပိုင်းတွင် ရဲအုပ်ပြည့်ဖြိုးနိုင်အား ရဲဝန်ထမ်းလိုင်းခန်းတွင် ထိန်းသိမ်းစောင့်ကြည့် အနေအထားဖြင့် ထားရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရပြီးနောက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ပြစ်ဒဏ်ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ သဖြင့် ရမည်းသင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဒုရဲအုပ် ချယ်ရီထက်သည်လည်း ရဲအုပ် ပြည့်ဖြိုးနိုင်နှင့် အတူ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ဒုရဲအုပ် ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ပြစ်ဒဏ် ထောင် ၅ နှစ် ချမှတ်ခဲ့ပြီး လက်ရှိတွင် ရမည်းသင်း အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။
နိရဉ္စရာ ပေးပို့သည်။